The network connection is lost.

Banner Image

ဒါလော့ကို အော်ဟစ်ကြိမ်းမောင်းခဲ့တဲ့ ဟွိုက်လန်းရဲ့လုပ်ရပ်အပေါ် သူ့ရဲ့အမြင်ကို ပြောလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က သောကြာနေ့နံနက်က ရီးရဲလ်ဆိုစီဒက်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ ပွဲကစားချိန်အတွင်း ဘောလုံးပေးပို့ခြင်းမရှိတာကြောင့် အသင်းဖော် ဒီယေဂိုဒါလော့ကို အော်ဟစ်ကြိမ်းမောင်းခဲ့တဲ့ တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကိုပြောကြားလာခဲ့ပါတယ်။ ဆိုစီဒက်နဲ့ယူနိုက်တက်တို့ဟာ ယူရိုပါလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်ကစားခဲ့ကြတာဖြစ်ပြီး ပထမပိုင်းမှာဂိုးသွင်းယူနိုင်ခဲ့ကြခြင်းမရှိပေမယ့် ဒုတိယပိုင်း ၅၇ မိနစ်မှာ ယူနိုက်တက်က တိုက်စစ်မှူး ဂျိုရှူးဝါးဇက်ခ်ဇီရဲ့သွင်းဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။ 

သို့သော်လည်း အာမိုရင်ရဲ့အသင်းဟာ နိုင်ပွဲတော့ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိဘဲ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့လက်ထိဘောမှတစ်ဆင့် ပင်နယ်တီပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် သရေရလဒ်သာ ရရှိခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ယူနိုက်တက်အနေနဲ့ အနိုင်ရဖို့အခွင့်အရေးတွေရခဲ့ပေမယ့် တိုက်စစ်ပိုင်းက ပုံစံမှန်မှန်အသုံးမချနိုင်ခဲ့တာကြောင့် ဒုတိယအကျော့အိမ်ကွင်းပွဲစဉ်မှာ အနိုင်ရဖို့ကြိုးစားသွားရတော့မှာဖြစ်ပါတယ်။ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ ဟွိုက်လန်းဟာ ယခုပွဲစဉ်မှာ အသင်းဖော်နောက်ခံလူ ဒီယေဂိုဒါလော့ကို ဘောလုံးမပေးလို့ အော်ဟစ်ကြိမ်းမောင်းမှုတွေပြုလုပ်ခဲ့ပါတယ်။ 

လူကပ်ခံထားရခြင်းမရှိတဲ့ ဟွိုက်လန်းဟာ ဆိုစီဒက်ရဲ့ဂိုးဧရိယာထဲသို့ အရှိန်နဲ့ပြေးနေချိန် ဒါလော့ထံမှ ဖြတ်တင်ဘောလှမ်းတောင်းခဲ့ရာမှာ ပေါ်တူဂီသားက ပေးပို့ခြင်းမရှိဘဲ အခြားအသင်းဖော်ထံသို့သာ ဘောလုံးပေးပို့ခဲ့ပါတယ်။ ဒါကြောင့် ဟွိုက်လန်းအနေနဲ့ အတော်လေးဒေါသအိုးပေါက်ကွဲခဲ့ပြီး ဘောလုံးမပေးတဲ့ဒါလော့ကို အော်ဟစ်ကြိမ်းမောင်းခဲ့တာဖြစ်ပါတယ်။ နည်းပြဟောင်း အဲရစ်တန်ဟက်လက်မှာကတည်းက ဟွိုက်လန်းဟာ သူ့ကို အသင်းဖော်တွေက ဘောလုံးပေးပို့မှုမပြုလုပ်ကြောင်း ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။ 

ဟွိုက်လန်းသာမက ယခုပွဲစဉ်မှာ ဘောလုံးပေးပို့ခြင်းမပြုလုပ်ခဲ့တဲ့ ဒါလော့ကို ယူနိုက်တက်ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်ကလည်း ပြစ်တင်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အပြီးမှာ ပေါလ်စခိုးလ်က "ယူနိုက်တက်အတွက် အဆင်ပြေတဲ့ ပထမပိုင်းပါပဲ။ လွယ်လွယ်ကူကူပဲ ပထမပိုင်းကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ဦးဆောင်ဂိုးရထားသင့်ပါတယ်။ ဒါလော့အနေနဲ့ အဲဒီဘောလုံးကို ဟွိုက်လန်းဆီပို့ပေးသင့်ပါတယ်။ ယူနိုက်တက်မှာ အန္တရာယ်များတဲ့ကစားသမားတွေရှိပေမယ့် ခြိမ်းခြောက်မှုတွေတော့မပြုလုပ်နိုင်ခဲ့ပါဘူး"

"စိတ်ပျက်စရာက သူတို့ဒါကို လေ့ရောလေကျင့်ထားရဲ့လားဆိုတာပါ။ ဒီဘောလုံးက ဒါလော့ဘက်ကကြည့်မယ်ဆိုရင်တော့ သူ့အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် ဟွိုက်လန်းဘက်ကကြည့်မယ်ဆိုရင်တော့ ဒါက အပြစ်ကြီးပါ" လို့ပြောကြားခဲ့ပါတယ်။ နည်းပြအာမိုရင်အနေနဲ့ ယူရိုပါလိဂ်မှာ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် အသုံးပြုစရာ ဟွိုက်လန်းနဲ့ ဇက်ခ်ဇီသာရှိနေပြီး ပြီးခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာခြေစွမ်းပြသခဲ့တဲ့ တိုက်စစ်မှူးလေး ချီဒိုအိုဘီကို အသုံးပြုနိုင်ခြင်းမရှိပါဘူး။ အသက်-၁၇ နှစ်အရွယ်ကစားသမားဟာ ယူနိုက်တက်ရဲ့ ယူရိုပါလိဂ်ပြိုင်ပွဲအတွက်လူစာရင်းမှာ ပါဝင်ခြင်းမရှိပါဘူး။ 

ဟွိုက်လန်းရဲ့အပြုအမူနဲ့ပတ်သက်ပြီး အာမိုရင်က "သေချာတာတစ်ခုကတော့ ဒီပွဲမှာ ကျွန်တော်တို့ကစားသမားတွေ အနိုင်ရဖို့နဲ့ ဂိုးသွင်းနိုင်ဖို့ အတော်လေးဆန္ဒစောနေပါတယ်။ ဒါကြောင့် အကောင်းဆုံးလုပ်နေရင်းနဲ့ ဆုံးဖြတ်ချက်တွေမှားနိုင်ပါတယ်။ ဟွိုက်လန်းကလည်း ကောင်းကောင်းကစားခဲ့သလို၊ ဒါလော့ကလည်း အရမ်းကောင်းခဲ့ပါတယ်။အရေးကြီးတာက ဒီလိုဖြစ်ရပ်တွေကို ကျော်လွှားသွားနိုင်ဖို့ပါပဲ။ ဒါကိုကျော်လွှားပြီး နောက်ထပ်အခွင့်အရေးတွေဖန်တီးကြဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်တနင်္ဂနွေနေ့မှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ခါးသီးတဲ့ပြိုင်ဘက် အာဆင်နယ်ကို အိုးလ်ထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နောက်အပတ်ကြားရက်ထဲမှာတော့ ဆိုစီဒက်နဲ့ ဒုတိယအကျော့ပွဲစဉ်ကစားသွားရပါမယ်။