
ယူနိုက်တက်မှအထုတ်ခံရမှာ မစိုးရိမ်ဘူးလို့ဆိုလာတဲ့ အာမိုရင်
ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်ဟာ တော့တင်ဟမ်ကို ၁-၀ နဲ့အရေးနိမ့်ခဲ့တာကြောင့် နှစ်ပေါင်း ၅၁ နှစ်အတွင်း အဆိုးဝါးဆုံး အမှတ်ပေးဇယားရပ်တည်မှုအဖြစ် အဆင့် ၁၅ နေရာအထိ ကျဆင်းသွားခဲ့ပေမယ့် နည်းပြ ရူဘင်အာမိုရင်ကတော့ အသင်းကနေထုတ်ပယ်ခံရမှာကို မစိုးရိမ်ဘူးလို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ယခုရှုံးပွဲကြောင့် ယူနိုက်တက်ဟာ ၂၀၂၄-၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ ၁၂ ပွဲအထိ ကြုံတွေ့ထားရပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ အာမိုရင်လက်ထက်မှာကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၈ ပွဲအထိရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အသင်းကို အမှတ်ပေးဇယား အဆင့် ၁၄ နေရာထိရောက်အောင် အခြေအနေဆိုးစေခဲ့တဲ့ အဲရစ်တန်ဟက်ကိုထုတ်ပယ်ကာ အာမိုရင်ကိုခန့်အပ်ခဲ့ပြီးနောက်မှာတော့ အဆင့် ၁၅ အထိကျဆင်းသွားခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ပေါ်တူဂီသားနည်းပြရဲ့ အိုးလ်ထရက်ဖို့ဒ်အနာဂတ်ဟာ မေးခွန်းထုတ်ခံရမှုတွေရှိလာခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ၁၉၇၃-၇၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လိဂ် ၂၅ ပွဲမှာ ၁၂ ပွဲအထိရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ သို့သော်လည်း အာမိုရင်က "ကျွန်တော်ကတော့ စိတ်မပူပါဘူး။ ပရိသတ်တွေကိုနားလည်သလို၊ မီဒီယာတွေ ဘယ်လိုထင်ကြမလဲဆိုတာလည်းသိပါတယ်။ ရှုံးနိမ့်ရတာကို ကျွန်တော်မုန်းပါတယ်။ ကျွန်တော်ကစားသမားတွေကိုကူညီဖို့ ဒီကိုရောက်နေတာပါ။ ကျွန်တော့်အခြေအနေကို ကျွန်တော်နားလည်ပါတယ်။ကိုယ့်အလုပ်ကိုယ်အာရုံစိုက်ပြီး အနိုင်ရဖို့ကြိုးစားနေပါတယ်။ ကျွန်တော်စိုးရိမ်က ဇယားပေါ်က အသင်းရဲ့ရပ်တည်မှုပါ။ ကိုယ့်ကိုယ်ကိုယ်တော့ မစိုးရိမ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ရုန်းကန်ရမှုတွေမှာ ကစားသမားတွေရဲ့ ဒဏ်ရာပြဿနာတွေကလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်နေပါတယ်။ တော့တင်ဟမ်နဲ့ပွဲစဉ်မှာ ယူနိုက်တက်ဟာ အသက်-၁၇ နှစ်အရွယ်တိုက်စ်မှူးလေး ချီဒိုအိုဘီကို လူစားဝင်ကစားသမားအဖြစ် အသုံးပြုခဲ့ရတာလည်းဖြစ်ပါတယ်။ အိုဘီကို ထည့်သွင်းအသုံးပြုခဲ့ခြင်းနဲ့ပတ်သက်ပြီး အာမိုရင်က "ဒီပြိုင်ပွဲက ကမ္ဘာပေါ်မှာ အခက်ခဲဆုံးပါ။ ကစားသမားတွေကို ဂရုတစိုက်အသုံးပြုမှရပါမယ်။ ပွဲရဲ့အခြေအနေကို သုံးသပ်ပြီး လေ့ကျင့်ရေးကွင်းကအခြေအနေကိုလည်း နားလည်တတ်ရပါမယ်။အသင်းက ဂိုးရဖို့လိုအပ်နေချိန်မှာ လုပ်သင့်တာကို လုပ်ရမှာပါပဲ" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်အပတ်မှာတော့ ယူနိုက်တက်ဟာ အသင်းရဲ့နည်းပြဟောင်း ဒေးဗစ်မိုယက်စ်ကိုင်တွယ်နေတဲ့ အဲဗာတန်ကို ဂူဆင်ပါ့ခ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။