
ဆက်စ်ကိုကို ဘာကြောင့် ၂ ပွဲဆက်တိုက် အရန်ကစားသမားအဖြစ်သာအသုံးပြုခဲ့သလဲ ရှင်းပြလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က ယခုနွေရာသီမှာ အသစ်ခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူး ဘင်ဂျင်မင်ဆက်စ်ကိုကို အာဆင်နယ်၊ ဖူလ်ဟမ်တို့နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲစလုံးမှာ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ခြင်းမရှိဘဲ အရန်ကစားသမားအဖြစ်သာ ဘာကြောင့်အသုံးပြုခဲ့သလဲ ရှင်းပြလာခဲ့ပါတယ်။
အာမိုရင်ဟာ အဖွင့်ပွဲမှာ အာဆင်နယ်ကိုရှုံးနိမ့်ခဲ့တဲ့ လူစာရင်းကို အပြောင်းအလဲများများစားစား ပြုလုပ်ခဲ့ခြင်းမရှိဘဲ ဒီယေဂိုဒါလော့နေရာမှာသာ အာမက်ဒီယာလိုကို ပြောင်းလဲထည့်သွင်းပြီး ယမန်နေ့ညက ဖူလ်ဟမ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီသားဟာ လူစာရင်းအပြောင်းအလဲတစ်ခုသာပြုလုပ်ခဲ့ပေမယ့် ယူနိုက်တက်အနေနဲ့ အာဆင်နယ်နဲ့ပွဲစဉ်ကလိုခြေစွမ်းမျိုး ပြသနိုင်ခဲ့ခြင်းမရှိဘဲ သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ ဆက်စ်ကိုကို ဘာကြောင့်အရန်ကစားသမားအဖြစ်နဲ့သာ အသုံးပြုနေတာလဲဆိုတဲ့မေးခွန်းကို အာမိုရင်က "ကျွန်တော်တို့ လက်ရှိလူစာရင်းအတိုင်းဆက်ကစားရင် ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ချင်ခဲ့ပါတယ်။ အသင်းအနေနဲ့ တသမတ်တည်းဖြစ်ခဲ့တဲ့ခြေစွမ်းမျိုးကိုပြသနိုင်ဖို့လိုပြီး အရန်ခုံမှာလည်း အားကိုးရမယ့်ကစားသမားတွေ ရှိစေချင်ပါတယ်။ ဆက်စ်ကိုက အသင်းကိုရောက်တာ ၂ ပတ်ပဲရှိသေးပြီး အရာရာကိုနားလည်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ ကစားသမားတွေကို အကူအညီပေးနိုင်ဖို့ အချိန်ပေးရပါမယ်။ အနိုင်ရဖို့အတွက် ကစားသမားတွေအားလုံးကူညီမှဖြစ်ပါမယ်" လို့ပြောကြားခဲ့ပါတယ်။
အာမိုရင်အနေနဲ့ အာဆင်နယ်နဲ့ပွဲမှာ သိသာထင်ရှားတဲ့အမှားတစ်ခုကို ကျူးလွန်ခဲ့တဲ့ ဂိုးသမား အယ်လ်တေးဘယင်ဒါကို ဖူလ်ဟမ်နဲ့ပွဲမှာ ဆက်လက်ပွဲထုတ်ခဲ့တာကြောင့် ပရိသတ်တွေအတွက် အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ ဘယင်ဒါဟာ အာဆင်နယ်နဲ့ပွဲမှာ အမှားပြုလုပ်ခဲ့ပေမယ့် ဖူလ်ဟမ်နဲ့ပွဲမှာတော့ ဆက်လက်ပွဲထွက်ခွင့်ရခဲ့ပြီး အန်ဒရေအိုနာနာကတော့ အရန်ခုံမှာသာ ဆက်လက်ထိုင်နေခဲ့ရတာဖြစ်ပါတယ်။
လာမယ့် ကြာသပတေးနေ့ အင်္ဂလန်လိဂ်တူးကလပ် ဂရင်စ်ဘီတောင်းနဲ့ ယှဉ်ပြိုင်သွားရမယ့် ကာရာဘောင်ဖလား ဒုတိယအဆင့်ပွဲစဉ်မှာတော့ ဆက်စ်ကိုအနေနဲ့ ပွဲထွက်ပါဝင်ခွင့်ရဖို့ မျှော်လင့်နေမှာဖြစ်ပြီး အသင်းအတွက် ဂိုးစတင်သွင်းယူပေးနိုင်ဖို့လည်း ကြိုးစားသွားရမှာဖြစ်ပါတယ်။