အာဆင်နယ်ကို ၂ ဂိုးပြတ်အရေးနိမ့်ပြီးနောက် လေ့ကျင့်ရေးအစီအစဉ်တွေပိုမိုပြုလုပ်ဖို့လိုအပ်နေသေးကြောင်း အာမိုရင်ပြောကြား
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ယနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်ကို ၂-၀ နဲ့ဂိုးပြတ်အရေးနိမ့်ပြီးနောက် အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကို အခုထက်ပိုပြီး ပြုလုပ်ဖို့လိုနေသေးကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
ပထမပိုင်းမှာ ယူနိုက်တက်ကို ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတဲ့ အာဆင်နယ်ဟာ ဒုတိယပိုင်းမှာတော့ ဂျူရီယန်တင်းဘား၊ ဝီလီယမ်ဆာလီဘာတို့ရဲ့ ခေါင်းတိုက်သွင်းဂိုးတွေနဲ့ အိမ်ကွင်းမှာ ၂-၀ ဆိုတဲ့အနိုင်ရလဒ်ကိုပုံဖော်ခဲ့ပြီး အာမိုရင်ကို ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ်ရှုံးပွဲကြုံတွေ့စေခဲ့ပါတယ်။ ပထမပိုင်းမှာ အာဆင်နယ်ရဲ့တိုက်စစ်ကို ထိန်းချုပ်နိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာတော့ ဒီရာသီမှာ တည်ကန်ဘောတွေနဲ့ အလုပ်ဖြစ်နေတဲ့ အာတီတာရဲ့နည်းဗျူဟာကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ ထောင့်ကန်ဘောတွေမှတစ်ဆင့် ၂ ဂိုးအထိခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။
ယခုပွဲစဉ်ဟာ အာမိုရင်ရဲ့ယူနိုက်တက်နည်းပြဘဝ စတုတ္ထမြောက်ပွဲစဉ်ဖြစ်ပြီး ပေါ်တူဂီသားအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ လုပ်စရာအလုပ်တွေ အများကြီးကျန်နေသေးကြောင်း ပေါ်လွင်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ယူနိုက်တက်ဟာ အဲဗာတန်ကို ၄-၀ နဲ့ဂိုးပြတ်အနိုင်ရပြီး တိုးတက်မှုကိုပြသနိုင်ခဲ့ပေမယ့် ယခုအခါမှာတော့ အမ်းမရိတ်စ်မှာ ဂိုးပြတ်အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ အာမိုရင်က “ခက်ခဲတဲ့ပွဲပါ။ ကျွန်တော်တို့ အသာစီးကနေကစားဖို့ ကြိုးစားခဲ့ပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာပေါ့။ ကျွန်တော်တို့ လေ့ကျင့်ရေးအစီအစဉ်တွေ ထပ်လုပ်ဖို့လိုပါသေးတယ်။ တည်ကန်ဘောတွေက အရာအားလုံးကို ပြောင်းလဲပစ်ခဲ့ပါတယ်။ ဒါတွေကို ထိန်းချုပ်နိုင်ဖို့ အရမ်းခက်ပါတယ်။ ကျွန်တော်တို့လည်း တည်ကန်ဘောတွေရခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး။ သူတို့ကတော့ ဂိုးတွေသွင်းနိုင်ခဲ့ပါတယ်”
“သူတို့ ဒီလိုတည်ကန်ဘောတွေကို နှစ်နဲ့ချီလေ့ကျင့်ထားတယ်ဆိုတာ ကျွန်တော်တို့နားလည်ရပါမယ်။ ဒီလိဂ်မှာအကြာကြီးကစားနေတဲ့ လူတွေအနေနဲ့ ဒါတွေကို မြင်ထားဖို့လိုပါတယ်။ ၂ ရက်တာလေ့ကျင့်ရေးအစီအစဉ်က သူတို့ကို ဟန့်တားဖို့ မလုံလောက်ခဲ့ပါဘူး။ ကျွန်တော်တို့က နည်းဗျူဟာနဲ့ကစားမှ ပိုကောင်းတဲ့အသင်းဆိုတာ သင်ယူခဲ့ရပါတယ်။ မိနစ်တိုင်းမှာ တိုးတက်ဖို့ကြိုးစားနေပြီး ပိုကောင်းလာတယ်လို့တော့ ခံစားရပါတယ်။ ဒါပေမယ့် ပွဲစဉ်တွေအတွက် တိုက်ပွဲဝင်သွားဖို့လိုပါသေးတယ်” လို့ပြောကြားခဲ့ပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာ ယူနိုက်တက်ဟာ နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး လောလောဆယ်မှာတော့ အာဆင်နယ်ကို ၂ ဂိုးပြတ်အရေးနိမ့်ခဲ့လို့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာကို ကျဆင်းသွားပြီဖြစ်ပါတယ်။