
သူ့အပေါ် ရွိုင်ကိန်းရဲ့ဝေဖန်မှုတွေက မှန်ကန်ခဲ့တယ်လို့ ဝန်ခံပြောကြားလာတဲ့ လုခ်ရှော
မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ရွိုင်ကိန်းဟာ အသင်းရဲ့နောက်ခံလူ လုခ်ရှောကို မန်စီးတီးနဲ့ပွဲစဉ်မှာ စွမ်းဆောင်ရည်ကျဆင်းမှုတွေကြောင့် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပေမယ့် ယခုအခါမှာ လုခ်ရှောက ဝေဖန်မှုတွေက မှန်ကန်ကြောင်း သူကိုယ်တိုင်ဝန်ခံပြောကြားလာခဲ့ပါတယ်။
ရွိုင်ကိန်းက မန်ချက်စတာဒါဘီပွဲစဉ်မှာ ယူနိုက်တက်ခွင့်ပြုခဲ့ရတဲ့ သွင်းဂိုး ၃ ဂိုးထဲမှ ၂ ဂိုးဟာ လုခ်ရှောရဲ့ညံ့ဖျင်းမှုကြောင့်ဖြစ်တယ်လို့ အင်္ဂလန်သားအပေါ် အပြစ်ပုံချဝေဖန်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကိန်းက ရှောရဲ့ ခြေစွမ်းပိုင်းကို ဝေဖန်ရုံသာမက ဒဏ်ရာမကြာခဏရရှိနေတာကလည်း စိတ်ပျက်စရာဖြစ်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။
သို့သော်လည်း နောက်ခံလူဟာ စနေနေ့ညက ချဲလ်ဆီးကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာတော့ ထိပ်တန်းစွမ်းဆောင်ရည်ကို ပြန်လည်ပြသနိုင်ခဲ့ပြီး အသင်းဖော် ကတ်စ်မဲရိုးရဲ့ ဒုတိယသွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ယခုအခါမှာ ရှောက "တစ်ခါတလေမှာ ဝေဖန်မှုတွေကို လက်ခံဖို့လိုပါတယ်။ ကိန်းက အတွေ့အကြုံတွေအများကြီးရှိသူပါ။ ပြီးတော့ ယူနိုက်တက်ရဲ့အသင်းခေါင်းဆောင်လည်း ဖြစ်ခဲ့ဖူးပါတယ်။ ဒီလိုဝေဖန်ခံရတာက နာကျင်ပေမယ့် ဘောလုံးကစားသမားတစ်ယောက်က ဝေဖန်မှုတွေနဲ့ မလွတ်ကင်းနိုင်ပါဘူး"
"သူပြောတာမှန်တယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ကျွန်တော့်ရဲ့ခြေစွမ်းက ပုံမှန်မဖြစ်ခဲ့ပါဘူး။ ဒါကို သူမပြောလည်း ကျွန်တော် ကိုယ့်ကိုယ်ကိုယ်သိပါတယ်။ ပွဲအပြီးမှာ ကျွန်တော်ဒါကိုသိခဲ့ပြီး စိတ်ပျက်နေခဲ့တာပါ။ ဝေဖန်ခံရလို့ ဒေါသမထွက်ပါဘူး။ အခုချိန်မှာ ခြေစွမ်းတည်ငြိမ်ဖို့အတွက်ပဲ အာရုံစိုက်နေပါတယ်။ ကျွန်တော့်ဘဝမှာ အနိမ့်အမြင့်အတက်အကျတွေအများကြီးကြုံတွေ့ခဲ့ရပါတယ်။ တတ်နိုင်သလောက် အမြင့်ဆုံးခြေစွမ်းကိုထိန်းသိမ်းဖို့ ကြိုးစားနေပါတယ်။ နည်းပြက ဒါကိုသိလို့ ကျွန်တော့်ကို ယုံကြည်ထားတာပါ။ ဒီတော့ ကျွန်တော်ဝေဖန်မှုတွေကို လက်ခံပြီး ရှေ့ဆက်ဖို့ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ရှောအနေနဲ့ ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ရဲ့ ကစားကွက်မှာ အံဝင်ခွင်ကျဖြစ်ဖို့ကြိုးစားနေပြီး ပွဲထွက်ခွင့်နဲ့ထိုက်တန်ကြောင်း သက်သေပြသထားပြီးဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ကစားသမားဘဝတစ်လျှောက် ဒဏ်ရာပြဿနာရဲ့နှိပ်စက်ခြင်းကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရသူဖြစ်ပြီး မကြာခဏ အနားယူနေခဲ့ရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ရှောဟာ ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှူးနေရာမှာပြောင်းလဲနေရာယူနေပြီး အာမိုရင်ရဲ့ကစားကွက်ကို အတိကျဆုံးပုံဖော်ပေးထားနိုင်ပါတယ်။
လာမယ့် စနေနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အောက်တိုဘာလ ၄ ရက်နေ့မှာတော့ တန်းတက်ဆန်းဒါးလန်းကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရပါမယ်။