
ယူနိုက်တက်မခေါ်ယူနိုင်ခဲ့တဲ့ အက်ဖ်အေဖလား သူရဲကောင်းကို ချီးကျူးလိုက်တဲ့ ရွိုင်ကိန်း
တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် နယူးကာဆယ် ယူနိုက်တက်နှင့် ဘရိုက်တန်တို့ရဲ့ ပွဲစဉ်ဟာ စိတ်လှုပ်ရှားစရာတွေ ပြည့်နှက်နေခဲ့ပါတယ်။ အီဆက်က ပွဲအစောပိုင်းမှာ ပင်နယ်တီကနေ ဂိုးသွင်းခဲ့ပြီး မင်တက်က ပထမပိုင်းပြီးခါနီးမှာ ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။
ပွဲချိန် ၉၀ မိနစ် နီးကပ်လာချိန်မှာ နှစ်သင်းစလုံးက ကစားသမား ၁၀ ယောက်စီနဲ့ ကစားခဲ့ရပြီး အန်တိုနီ ဂေါ်ဒွန်နဲ့ တာရစ် လမ်တီ တို့ နှစ်ဦးစလုံး အနီကတ်ထိခဲ့ကြပါတယ်။ ဂေါ်ဒွန်ကတော့ လီဗာပူးနဲ့ ကစားမယ့် ကာရာဘောင်ဖလား ဖိုင်နယ်ပွဲကို လွဲချော်ရတော့မှာပါ။ ဖေဘီယန်ရှားက နာကျင်အချိန်ပိုမှာ အနိုင်ဂိုးသွင်းခဲ့တယ်လို့ ထင်ခဲ့ပေမယ့် သူ့ရဲ့ လှပတဲ့ကန်ချက်ကို အလိုအလျောက် အော့ဖ်ဆိုဒ်စနစ်က ပယ်ဖျက်ခဲ့လို့ ပွဲဟာ အချိန်ပို ကစားရဖို့ ရောက်သွားခဲ့ပါတယ်။
ပွဲချိန် ၁၁၄ မိနစ်မှာတော့ လူစားဝင်ကစားသမား ဝဲလ်ဘက်က မာတင် ဒူဘရာဗကာကို ကျော်ပြီး လှပတဲ့ ကန်ချက်နဲ့ အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။ "ဒယ်နီကို အဲဒီမှာ မြင်ရပါတယ် သူဟာ အတွေ့အကြုံ အများကြီးရှိတဲ့သူပါ" "ဘောလုံးရဲ့ မှော်ဆန်မှုနဲ့ ပွဲကြီးပွဲကောင်းတွေ အနိုင်ရဖို့အကြောင်း ပြောကြပါတယ်။ သူ့မျက်နှာပေါ်က အပြုံးက ကလေးတစ်ယောက်လိုပါပဲ"
"အသင်းရဲ့ အင်အားက ဘယ်လောက်အရေးကြီးလဲဆိုတာ ဒါက သက်သေပြနေပါတယ်။ အရန်ကစားသမားတွေ ဝင်လာပြီး သက်ရောက်မှု ပြရပါမယ်။ ဒယ်နီရဲ့ စိတ်အားထက်သန်မှုကို မြင်ရတယ်၊ သူက ဖလားရဖူးတဲ့ ကစားသမားပါ" "သူ့အသက်က အခုဆိုရင် ၃၄ နှစ်ရှိပြီ ဒါပေမယ့် ကွင်းထဲသို့ဝင်လာပြီး အပြောင်းအလဲဖြစ်စေခဲ့ပါတယ်။ နယူးကာဆယ်ရဲ့ အရန်ကစားသမားတွေ ဝင်လာတော့ သူတို့အတွက် ဒါက ဝန်ထုပ်ဝန်ပိုးလိုပါပဲ ဒါပေမယ့် ဒယ်နီရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုက ထင်ရှားခဲ့ပါတယ်" လို့ ယူနိုက်တက် ဂန္ထဝင် ရွိုင်ကိန်းက တိုက်စစ်မှူးအကြောင်းကို ITV မှာ ပြောခဲ့ပါတယ်။
ဝဲလ်ဘက်က ယူနိုက်တက်ရဲ့ အကယ်ဒမီထွက်ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ပရီးမီးယားလိဂ်ဖလား ရရှိခဲ့ပြီးနောက် အာဆင်နယ်သို့ ပြောင်းရွှေ့ခဲ့ရာ အက်ဖ်အေဖလားကို ၂ ကြိမ် ရရှိခဲ့ပါတယ်။ အင်္ဂလန်သားဟာ ၂၀၂၀ ခုနှစ်မှာ ဘရိုက်တန်ကို ပြောင်းလာပြီးကတည်းက သူ့ရဲ့ ကစားသမားဘဝ ပြန်လည် ခြေစွမ်းပြလာခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ပြီးခဲ့တဲ့နွေရာသီမှာ သူ့ကို ပြန်ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး အဲဒီအချိန်က နည်းပြတန်ဟတ်က ဝဲလ်ဘက်ဟာ ထူးချွန်တဲ့ အင်အားဖြည့်စွက်မှု ဖြစ်မယ်လို့ ယုံကြည်ခဲ့ပါတယ်။
"ဒယ်နီနဲ့အတူကစားရတာက အရမ်းကောင်းပါတယ်။ ရိုးသားစွာပြောရရင် သူ့ကို မန်ချက်စတာ ယူနိုက်တက်မှာ ဆက်ကစားနေတာ ကျွန်တော် မြင်ချင်ပါသေးတယ်" "သူက သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် ဂိုးတွေ သွင်းခဲ့ပါတယ်။ အစောပိုင်းမှာ ဒဏ်ရာတွေ ရခဲ့ပေမယ့် အခု အဲဒါတွေကို ကျော်ဖြတ်နိုင်ပြီး အံ့သြစရာကောင်းတဲ့ ရာသီကို ဖြတ်သန်းနေပါတယ်" လို့ ယူနိုက်တက်ဂန္ထဝင် ဝိန်းရွန်နီက BBC Sport မှာ ထပ်ပြောခဲ့ပါတယ်။
အချို့က ဝဲလ်ဘက်ကို သူ့ရဲ့ နောက်ဆုံး အင်္ဂလန်အသင်းပွဲကစားခဲ့ပြီး ၇ နှစ်အကြာမှာ အင်္ဂလန်အသင်းကို ပြန်ခေါ်သင့်တယ်လို့ ထောက်ခံနေကြပါတယ်။ ဒါကို ဘရိုက်တန်နည်းပြ ဖေဘီယန်ဟာဇီလာက ဖြစ်နိုင်တယ်လို့ ထင်ပြီး "ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော့် ဆုံးဖြတ်ချက် မဟုတ်ပါဘူး" "ကျွန်တော် ပြောနိုင်တာက သူနဲ့အတူလုပ်ရတာ ပျော်ပါတယ် သူက ထူးချွန်တဲ့ ခေါင်းဆောင်တစ်ယောက် စံနမူနာပြစရာ ကောင်းတဲ့သူဖြစ်ပြီးတော့ ကစားသမားကောင်းတစ်ယောက်ပါ" လို့ ITV သို့ ပြောပါတယ်။
ဝဲလ်ဘက်က သူ့နည်းပြအကြောင်းနဲ့ပတ်သက်ပြီး "ကျွန်တော် အရန်ခုံမှာ ထိုင်နေတိုင်း ခွဲခြမ်းစိတ်ဖြာပြီး ပွဲအပေါ်သက်ရောက်မှု ဖြစ်စေနိုင်ဖို့ သေချာအောင် လုပ်မယ်ဆိုတာ သူ သိတယ်လို့ ထင်ပါတယ်" "ကျွန်တော် အကောင်းဆုံး ကြိုးစားခဲ့ပြီး ကံကောင်းစွာနဲ့ အနိုင်ဂိုး ရခဲ့ပါတယ်။ ကျွန်တော်တို့ ဆက်တွန်းအားပေးရပါမယ်။ အသင်းအနေနဲ့ ထပ်ပြီး တိုးတက်စရာတွေ အများကြီး ရှိပါသေးတယ်။ ဒါက စိတ်လှုပ်ရှားစရာ အချိန်တွေဖြစ်ပြီး ရာသီကို အင်အားကောင်းကောင်းနဲ့ အဆုံးသတ်ဖို့ မျှော်လင့်နေပါတယ်" လို့ ပြောခဲ့ပါတယ်။