
နော်တင်ဟမ်နည်းပြတွေအတွက် မစာနာနိုင်ကြောင်း အခိုင်အမာပြောကြားလာတဲ့ ရွိုင်ကိန်း
နော်တင်ဟမ်အသင်းဟာ နည်းပြနေရာအတွက် နူနိုဆန်တိုနေရာမှာ ပိုစတီကိုဂလူနဲ့ အစားထိုးခဲ့ပြီးနောက် ယူနိုက်တက်စတားဟောင်း ရွိုင်ကိန်းက သူ့အနေနဲ့ နော်တင်ဟမ်နည်းပြတွေအတွက် မစာနာနိုင်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။
နူနို နဲ့ နော်တင်ဟမ်တာဝန်ရှိသူတွေကြား ဆက်ဆံရေးအဆင်မပြေခဲ့တဲ့နောက် လမ်းခွဲခဲ့ကြတာဖြစ်ပြီး ပိုစတီကိုဂလူက အစားထိုးဝင်ရောက်ခဲ့ပါတယ်။ နူနိုတစ်ယောက် ဖောရက်စ်ရဲ့အားကစားအမှုဆောင် အီဒူးနဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် မာရီနာကစ်က ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ ဝုဗ် နဲ့ တော့တင်ဟမ်နည်းပြဟောင်းဟာ ၂၀၂၃ ဒီဇင်ဘာတုန်းက စတိဗ်ကူးပါးနေရာမှာ အစားဝင်ခဲ့တာဖြစ်ပြီး ၇၃ ပွဲမှာ ၂၈ ပွဲအနို်င်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ပထမရာသီမှာတင် နူနိုဟာ အသင်းကိုအဆင့် ၇ နေရာမှာရပ်တည်နိုင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီမှာ ဥရောပဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဂန္ထဝင်ဟောင်း ရွိုင်ကိန်းက ဖောရက်စ်နည်းပြတွေအတွက် မစာနာနိုင်ဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
“မအံ့သြပါဘူး။ ဖောရက်စ်အခုလိုလုပ်တာကို ဘယ်သူကအံ့သြမှာလဲ။ အသင်းပိုင်ရှင်ဘာလိုချင်လဲဆိုတာကို ကျွန်တော်တို့သိတယ်လို့ ထင်ပါတယ်။ ဘယ်သူ့အတွက်မှ မစာနာနိုင်ပါဘူး။ အသင်းပိုင်ရှင်တွေနဲ့အတူ ဖိအားတွေအောက်မှာကိုင်တွယ်ရတာပါ။ ဒါကြောင့် ကျွန်တော် အခုလိုမျိုး နူနိုအထုတ်ခံရတာကို မအံ့သြမိပါဘူး။ အဲ့တာက ခက်ခဲပါတယ်”လို့ ရွိုင်ကိန်းက ပြောကြားခဲ့ပါတယ်။ ပိုစတီကိုဂလူဟာ လာမယ့်စနေနေ့ အာဆင်နယ်နဲ့ပွဲမှာ နော်တင်ဟမ်ကို ပထမဆုံးစတင်ကိုင်တွယ်မှာဖြစ်ပါတယ်။