The network connection is lost.

Banner Image

စတိဗ်ကူးပါးကို မတောင်းပန်နိုင်ဘူးလို့ ပြတ်ပြတ်သားသားတုံ့ပြန်ခဲ့တဲ့ ဘော့စနီးယားနည်းပြဘာဘာရက်ဇ်

ဘော့စနီးယား-ဟာဇီဂိုဗီးနားအသင်းရဲ့နည်းပြဆာဂျီဘာဘာရက်ဇ်က ဘရွန်ဘီအသင်းနည်းပြ စတိဗ်ကူးပါးအပေါ် စွပ်စွဲပြောဆိုခဲ့မှုအတွက် မတောင်းပန်နိုင်ဘူးလို့ ပြောကြားလိုက်ပါတယ်။

ဘော့စနီးယားကွင်းလယ်လူတာဟီရိုဗစ်ကို ဝေးလ်အသင်းနဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲရှုံးထွက်ပွဲစဉ်တွေအတွက် ကြံ့ခိုင်မှုမပြည့်၀စေဖို့ မကြာသေးခင်ကပဲကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားခဲ့တယ်လို့ နော်တင်ဟမ်ဖောရက်စ်နည်းပြဟောင်းစတိဗ်ကူးပါးကို ဘာဘာရက်ဇ်က စွပ်စွဲပြောဆိုခဲ့ပါတယ်။

ဘရွန်ဘီအသင်းဘက်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး BBC Sport ရဲ့ဖော်ပြချက်အရ တာဟီရိုဗစ်ကိုယ်တိုင်တောင် သူ့ရဲ့ကလပ်အသင်းနည်းပြကို ပြန်လည်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

သူလည်းပဲ တောင်းပန်ဖို့ အစီအစဉ်ရှိလားလို့ မေးမြန်းချိန်မှာတော့ ဘာဘာရက်ဇ်က "ကျွန်တော့်ဘက်က ဘာအတွက်မှ တောင်းပန်စရာမလိုဘူးလို့ ထင်ပါတယ်" လို့ ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ပါတယ်။

ဆက်လက်ပြီး သူက "ကျွန်တော့်အတွက် အရေးကြီးဆုံးက ကျွန်တော့်ရဲ့ကစားသမားတွေကို ယုံကြည်ဖို့ပါပဲ။ အခုလို ပြောဆိုခဲ့တယ်ဆိုတာ ခင်ဗျားတို့ (သတင်းမီဒီယာတွေ) အတွက် တစ်ခုခုစဉ်းစားစရာဖြစ်အောင် ပုစ္ဆာတစ်ပုဒ် ထုတ်ပေးလိုက်တဲ့ သဘောပါပဲ" လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

"ကျွန်တော့်ရဲ့ကစားသမားကို ကာကွယ်ပေးချင်စိတ်နဲ့ပဲ အခုလိုပြောဆိုခဲ့တာပါ။ ဟာဟီရိုဗစ်ကို ကျွန်တော်သိလာတာ နှစ်နှစ်လောက်ရှိပါပြီ။ သူက ဘယ်လောက်အထိ ကောင်းတဲ့ကစားသမားလဲ၊ ဘယ်လောက်အထိ စွမ်းဆောင်နိုင်လဲဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဒါကြောင့် နှစ်သင်းလုံးအတွက် အရေးအကြီးဆုံးဖြစ်တဲ့ မနက်ဖြန်ပွဲစဉ်ကိုပဲ အာရုံစိုက်သင့်တယ်လို့ ထင်ပါတယ်" လို့လည်း ဆိုပါတယ်။