The network connection is lost.

Banner Image

သြစတြီးယားနဲ့ပွဲက နယ်သာလန်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်နေတဲ့ ရော်နယ်ကိုးမန်း

ဥရောပနာမည်ကြီးအသင်းဖြစ်တဲ့ နယ်သာလန်အသင်းဟာ အင်္ဂါနေ့တုန်းက သြစတြီးယားအသင်းကို အံ့အားသင့်ဖွယ် ၃-၂ နဲ့ အရေးနိမ့်ခဲ့ပြီး တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

နယ်သာလန်အနေနဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့် အုပ်စုတွင်းရလဒ်တွေကြောင့် လာမယ့်ပွဲတွေက သူတို့အတွက် ပိုခက်ခဲနိုင်တာဖြစ်ပါတယ်။ သြစတြီးယားကိုအရေးနိမ့်ခဲ့ပြီးနောက် ကိုးမန်းက အသင်းသားတွေရဲ့စွမ်းဆောင်ရည်ကို ဝေဖန်ခဲ့သလို ဒေါသလည်း ထွက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် နယ်သာလန်အသင်းနည်းပြ ရာထူးအတွက်လည်း မေးခွန်းထုတ်မှုတွေရှိလာနေကာ အဖြေပေးဖို့တော့ ငြင်းဆန်ခဲ့ပါတယ်။

“ကျွန်တော် အမှားအနည်းငယ်ကို စာရင်းလုပ်ထားပါတယ်။ ဆိုးဝါးစွာစတင်ခဲ့သလို ခံစစ်ကလည်း ကောင်းကောင်းမကာကွယ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ နိုင်လိုစိတ်မရှိခဲ့သလို ဖိအားလည်း မပေးနိုင်ခဲ့ပါဘူး။ ဘောလုံးတွေလည်း ဆုံးရှုံးခဲ့ပြီး ဆိုးဝါးစွာ စတင်ခဲ့မိပါတယ်။ ကစားသမားတွေက အများကြီးပြေးလွှားခဲ့ပေမယ့် နေရာမှန်တော့မဟုတ်ပါဘူး။ အဲ့တာက အံ့ဖွယ်ပါပဲ။ အရမ်းဆိုးဝါးပါတယ်။ ကျွန်တော်တို့ပွဲကို မထိန်းချုပ်နိုင်ခဲ့သလို ပြင်သစ်နဲ့ပွဲက အဆင်ပြေခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲကတော့ စိတ်ပျက်စရာပွဲတစ်ပွဲပါ။ အခုချိန်မှာက အနာဂတ်အကြောင်း ပြောရမယ့်အချိန်မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုအချိန်မှာ ဒီလိုမေးခွန်းမျိုးကို ကျွန်တော်မပြောချင်ပါဘူး။ ဖြစ်လာခဲ့မယ်ဆိုရင်လည်း ကျွန်တော်တုံ့ပြန်ဖို့ ကြိုးစားမှာပါ။ ဒီပွဲအတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နောက်တစ်ဆင့်တက်နိုင်ဆဲပါ။ ပိုကောင်းအောင်လည်း ကစားနိုင်ပါသေးတယ်။ ဒီအသင်းက လူအင်အားအပြည့်ပါပဲ။ သူတို့မှာ အရည်အချင်းတွေရှိပါတယ်။ ကျွန်တော်တို့ ကျရှုံးခဲ့ရင် ခင်ဗျားအနေနဲ့ ကျွန်တော့်အနာဂတ်အကြောင်း ထပ်မေးနိုင်ပါတယ်”လို့ ကိုးမန်းက ပွဲပြီးသတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ကိုးမန်းရဲ့နယ်သာလန်အသင်းဟာ ၁၆ သင်းအဆင့်မှာ အင်္ဂလန်နဲ့တွေ့ဆုံနိုင်တာဖြစ်ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ အကြိတ်အနယ်ကန်ရဖွယ်ရှိနေပါတယ်။