The network connection is lost.

Banner Image

မန်စီးတီးအသင်းပဲ့ကိုင်ရှင်တာဝန်ကို ဘယ်လိုအနက်အဓိပ္ပါယ်ဖွင့်ရမလဲဆိုတာ ထုတ်ပြောလာတဲ့ မာရက်စ်ကာ

မန်စီးတီးအသင်းနည်းပြသစ်အန်ဇိုမာရက်စ်ကာက လက်ရှိရာထူးတာဝန်ကို ဘောလုံးလောကရဲ့အကောင်းဆုံးအလုပ်အကိုင် ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ဒီအီတာလျံလူမျိုးနည်းပြက အင်္ဂလန်ဘောလုံးလောကကို ဆယ်စုနှစ်တစ်ခုကြာ အုပ်စိုးခဲ့တဲ့ ပက်ဂွါဒီယိုလာရဲ့နေရာမှာ အစားထိုးဝင်ရောက်လာသူ ဖြစ်ပါတယ်။ သူက လက်စတာနဲ့ ချဲလ်ဆီးတို့မှာ နည်းပြအဖြစ် အစွမ်းပြနိုင်ခဲ့ပါတယ်။

မာရက်စ်ကာက လက်စတာအသင်းကို ချန်ပီယံရှစ်ဖလား ရရှိအောင် လမ်းပြပေးခဲ့သလို ချဲလ်ဆီးအသင်းကိုလည်း ကွန်ဖရင့်လိဂ်ဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အောင်မြင်မှုရရှိအောင် ကူညီပေးခဲ့ပါတယ်။

သူက မန်စီးတီးနဲ့လည်း ရင်းနှီးပြီးသား ဖြစ်ပါတယ်။ မာရက်စ်ကာက မန်စီးတီးအရန်အသင်းကို ကိုင်တွယ်ကာ ပရီးမီးယားလိဂ်-၂ ဆုဖလား ရယူခဲ့သလို စီနီယာအသင်းရဲ့ သမိုင်းဝင်ဆုဖလားသုံးလုံးအောင်ပွဲရချိန်မှာလည်း လက်ထောက်နည်းပြအဖြစ် ပါဝင်ခဲ့ပါတယ်။

"ဒါက တကယ့်ကို အံ့ဩစရာကောင်းတဲ့ အလုပ်ပါ။ စိတ်လှုပ်ရှားစရာလည်း ကောင်းသလို ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာ အခွင့်အရေးတစ်ခုပါပဲ" လို့ သူက ဆိုပါတယ်။

"ကျွန်တော့်အတွက် အရေးအကြီးဆုံးကတော့ (အသင်းအကြီးအကဲတွေဖြစ်တဲ့) ခါဒွန်း၊ ဟူဂိုနဲ့ ဖာရန်တို့အားလုံးနဲ့ အမြင်ချင်းတူညီမှု ရှိတာပါပဲ။ ဒီကလပ်အသင်းမှာ ပွဲတိုင်း အနိုင်ရရှိရမယ်၊ ဖလားတွေ ရယူရမယ်၊ အမြဲတမ်းယှဉ်ပြိုင်နိုင်စွမ်း ရှိရပါမယ်။ ဒါပေမဲ့ ကျွန်တော်တို့က အသင်းကို ရာသီတိုင်းမှာ ပိုကောင်းလာအောင် ဘယ်လိုလုပ်မလဲဆိုတာ အမြဲဆွေးနွေးဖြစ်ကြပါတယ်" လို့ မာရက်စကာက ပြောပါတယ်။

"လူတွေအားလုံး အမြင်ချင်းတူညီနေတယ်ဆိုတာ ကျွန်တော့်အမြင်အရတော့ အရမ်းကို အရေးကြီးပါတယ်။ ဒီအလုပ်ကို ပထမဆုံးနေ့ကတည်းက ယုံကြည်မှုအပြည့်နဲ့ လက်ခံခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖွဲ့အစည်းထဲမှာရှိတဲ့ လူတွေကို ကျွန်တော် သိထားသလို သူတို့ ဘယ်လောက်အထိ အလုပ်အပေါ် အလေးအနက်ထားသလဲဆိုတာကိုလည်း သိလို့ပါပဲ"

"ထပ်ပြောရရင်တော့ ဒီအသင်းက အမြဲတမ်းအနိုင်ယူဖို့လိုအပ်သလို ရာသီတိုင်းမှာလည်း အရင်ထက် ပိုပြီးတိုးတက်လာအောင် လုပ်ရပါလိမ့်မယ်" လို့ သူက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။