The network connection is lost.

Banner Image

ဒဏ်ရာမှပြန်လာနိုင်ပြီးနောက် ခြေစွမ်းပြနိုင်ခဲ့တဲ့ ရိုဒရီကို ပက်ဂွါဒီယိုလာ ချီးကျူးဂုဏ်ပြု

ဒီနေ့မနက်ပိုင်း၊ ဂျူဗင်တပ်စ်ကို ၅-၂ ဂိုးဖြင့် အပြတ်အသတ်ချေမှုန်းခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်မှာ ပွဲထွက်လူစာရင်းဆီ ပြန်လည်ပါဝင်လာတဲ့ ရိုဒရီကို အချိန်အကြာကြီးလွမ်းဆွတ်တမ်းတနေခဲ့တယ်လို့ မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက ဝန်ခံပြောဆိုလိုက်ပါတယ်။

အခုပွဲစဉ်မှာ မန်စီးတီးရဲ့လတ်တလောကာလအကောင်းဆုံးခြေစွမ်းကို မြင်တွေ့ခဲ့ရပြီး ပြိုင်ဘက်ဂျူဗင်တပ်စ်ကို ဒိုကူ၊ မာလူလူ(O.G)၊ ဟာလန်း၊ ဖိုဒန်၊ ဆာဗင်ဟိုတို့ရဲ့သွင်းဂိုးတွေနဲ့အတူ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ ဒါ့အပြင် ရိုဒရီပြန်လည်ပါဝင်လာချိန် မန်စီးတီးအသင်းရဲ့ခြေစွမ်းပိုင်း အတော်လေးကောင်းမွန်နေမှုက တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ပါဘူး။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိပြီးနောက် ပထမဆုံးအကြိမ် မန်စီးတီးအတွက် ပွဲထွက်ကစားတဲ့ ရိုဒရီက ပွဲချိန် ၆၅ မိနစ်အထိ ပါဝင်ကစားခဲ့ပြီး ဂမ်ဒိုဂန်နဲ့ လူစားလဲလှယ်ခဲ့ပါတယ်။

ပွဲစဉ်အပြီး ပက်ဂွါဒီယိုလာက “ ဒီနေ့လိုစွမ်းဆောင်ရည်မျိုး မလုပ်ပြနိုင်ခဲ့တာ အတော်လေးကြာမြင့်နေခဲ့ပါပြီ။ ဘောလုံးပိုင်ဆိုင်ထားချိန်မှာရော၊ ဘောလုံးဆုံးရှုံးချိန်မှာပါ အကောင်းဆုံးလုပ်ဆောင်ပြသွားပါတယ်။ အတိတ်တုန်းက ကျွန်တော်တို့အသင်းရှိနေခဲ့တဲ့နေရာဆီ ပြန်ရောက်ရှိဖို့ လိုအပ်မယ့်အရာတွေအကြောင်း ကျွန်တော်တို့ ပြောဆိုခဲ့ပြီးပါပြီ။ အတိတ်မှာရော၊ ပစ္စုပ္ပန်မှာပါ ထိပ်တန်းကလပ်အသင်းတစ်ခုဆိုတာ သက်သေပြထားနိုင်တဲ့ ပြိုင်ဘက်ကိုကျော်ဖြတ်ပြီး အုပ်စုပထမနေရာရရှိခဲ့လို့ ကျေနပ်ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ရဲ့ပြိုင်ဘက် ဘယ်သူဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေပါတယ်”လို့ ပြောပါတယ်။

၂၀၂၄ ဘော်လွန်းဒီအော်ဆုရှင် ရိုဒရီက ဒူးဒဏ်ရာကြောင့် ယမန်နှစ်ဘောလုံးရာသီကာလအများစုကို လွဲချော်ခဲ့ပါတယ်။ အလားတူ မန်စီးတီးကိုယ်တိုင်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှစောစောစီးစီးထွက်ခွာရမှုအပြင် အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခြင်းတို့ကြောင့်၂၀၁၆-၂၀၁၇ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်ဆုဖလားလက်မဲ့ဘောလုံးရာသီကို ဖြတ်သန်းခဲ့ရပါတယ်။

ပက်ဂွါဒီယိုလာအတွက်တော့ ရိုဒရီ ရှိ၊မရှိဆိုတဲ့အချက်က အဓိကကျနေဆဲပဲ ဖြစ်ပါတယ်။ စပိန်သားနည်းပြက “ကျွန်တော်တို့တွေ ရိုဒရီကို အရမ်းလွမ်းဆွတ်နေကြတယ်၊ ဟုတ်တယ်မလား? ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကျွန်တော်တို့အတွက် မယုံကြည်နိုင်လောက်စရာအသင်းတစ်ခု ရှိခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေလည်း အများကြီးကြုံတွေ့ခဲ့ရပါတယ်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားကို လက်လွှတ်ခံချင်တဲ့အသင်းဆိုတာ ရှိရောရှိလို့လား? ရိုဒရီနဲ့ပတ်သက်ပြီး တည်ငြိမ်မှုအပိုင်းတွေ၊ ဘောလုံးပိုင်ဆိုင်ထားချိန် လုပ်သွားရမယ့်အရာကို အတိအကျသိရှိထားမှုတွေ၊ ကိုယ်ရည်ကိုယ်သွေးပိုင်းတွေအပြင် ပြောစရာတွေ အများကြီးရှိပါတယ်။

ပထမပိုင်းပွဲချိန်အပြီး သူဆက်ကစားနိုင်မယ်လို့ ကျွန်တော် မမျှော်လင့်ထားခဲ့ပါဘူး။ ဒါပေမယ့် သူက ဆက်ကစားချင်သေးတယ်လို့ ပြောပါတယ်။ ဒုတိယပိုင်းမှာလည်း ပွဲကိုထိန်းချုပ်ထားနိုင်ပြီး ကစားပုံ ပိုကောင်းမွန်လာပါတယ်။ ရိုဒရီတော့ လာမယ့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပါပြီ”လို့ ဆက်ပြောပါတယ်။
မန်စီးတီးက ဇွန် ၁ရက်မှာ အယ်လ်ဟီလယ်နဲ့ ၁၆-သင်းရှုံးထွက်အဆင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားပါလိမ့်မယ်။