The network connection is lost.

Banner Image

ကမ္ဘာ့ထိပ်တန်းလိဂ်ငါးခုနဲ့ပတ်သက်လို့ စီရော်နယ်ဒိုရဲ့အငြင်းပွားဖွယ်ပြောဆိုမှုကို သဘောမတူတဲ့ မာရက်ဇ်

ကမ္ဘာ့ဘောလုံးလောကရဲ့ထိပ်တန်းလိဂ်ငါးခုစာရင်းမှာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ ပါဝင်တယ်ဆိုတဲ့ စီရော်နယ်ဒိုရဲ့ ပြောဆိုမှု ကို မာရက်ဇ်က ငြင်းချက်ထုတ်လိုက်ပါတယ်။ ပြင်သစ်အခြေစိုက် L’Equipe မဂ္ဂဇင်းနဲ့တွေ့ဆုံချိန် အယ်လ်အာလီကြယ်ပွင့်က အခုလိုငြင်းဆန်ခဲ့တာပါ။ အယ်လ်နာဆာတိုက်စစ်မှူးစီရော်နယ်ဒိုက ဆော်ဒီပရိုလိဂ်ဟာ ပြင်သစ်လီဂူးဝမ်းထက် ပိုကောင်းတယ်၊ ပြင်သစ်မှာပီအက်စ်ဂျီပဲရှိပါတယ်ဆိုတဲ့မှတ်ချက်စကားတွေ ပေးခဲ့ဖူးပြီး ဒီပြောဆိုချက်နဲ့ပတ်သက်လို့ မဂ္ဂဇင်းက မာရက်ဇ်ဆီ ထင်မြင်ချက်တောင်းခံခဲ့ပါတယ်။

မန်စီးတီးနဲ့ လက်စတာတောင်ပံကစားသမားဟောင်းက ပရီးမီးယားလိဂ်၊ ဘွန်ဒက်စ်လီဂါ၊ စီးရီးအေ၊ လီဂူးဝမ်းနဲ့ လာလီဂါတို့ဟာ ကမ္ဘာ့ထိပ်တန်းလိဂ်ငါးခုအဖြစ် ဆက်ရှိနေပေမယ့် ဆော်ဒီပရိုလိဂ်ကိုလည်း တိုးတက်လာနေပြီလို့ ပြောဆိုရင်း သူ့ရဲ့ယုံကြည်ချက်ကို ထုတ်ဖော်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ်အတွင်း ဆော်ဒီလိဂ်ဆီရောက်ရှိလာခဲ့တဲ့ စီရော်နယ်ဒိုအပါအဝင်ဘောလုံးကြယ်ပွင့်တွေဟာ ရှေ့ဆောင်လမ်းပြသူတွေလို့ မာရက်ဇ်က သုံးသပ်ခဲ့ပါတယ်။

စီရော်နယ်ဒိုရဲ့ထိပ်တန်းလိဂ်ငါးခုသတ်မှတ်ချက်နဲ့ပတ်သက်လို့သဘောတူညီမှုရှိ၊မရှိမေးမြန်းချိန် မာရက်ဇ်က “ မဟုတ်ပါဘူး။ ဥရောပထိပ်တန်းလိဂ်ငါးခုက ရှေ့မှာရှိနေဆဲပဲလို့ ထင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့တွေက တခြားလိဂ်တွေနဲ့လည်း ယှဉ်ပြိုင်နိုင်စွမ်းရှိပါတယ်။ သိပ်ပြီးတော့လည်း အလှမ်းကွာလွန်းတယ်လို့ မထင်ပါဘူး။ ပြီးတော့ ရည်မှန်းချက်ပန်းတိုင်က အခုလက်ရှိကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်လာဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ ရေရှည်အတွက်ပဲ ကြည့်သွားရပါမယ်။

ဒီခရီးစဉ်ရဲ့အစပိုင်းမှာ ဆော်ဒီမြေဆီရောက်ရှိလာခဲ့တဲ့ ကျွန်တော်အပါအဝင်အားလုံးသောသူတွေက ရှေ့ဆောင်လမ်းပြသူတွေလိုပါပဲ။ ကျွန်တော်တို့က ဒီလိဂ်ပြိုင်ပွဲကို ပိုအားကောင်းလာအောင် ကူညီပေးနေတာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော့်ရဲ့ဘောလုံးရာသီနှစ်ခုအပြီးမှာ ဒီမှာရှိနေတဲ့ ကလပ်အသင်းတွေ၊ နည်းပြတွေ၊ နည်းဗျူဟာတွေနဲ့ ဖွဲ့စည်းပုံတွေ ပိုမိုတိုးတက်လာတယ်လို့ ခံစားမိခဲ့ပါတယ်။ သူတို့တွေ ထိပ်တန်းအဆင့်ဆီရောက်ရှိဖို့ ကြိုးစားနေသလို ရောက်သွားလိမ့်မယ်လို့လည်း ယူဆမိပါတယ်။ သူတို့တွေ အပြင်းအထန်ကြိုးစားအားထုတ်နေပြီး အမှန်တကယ်လည်း လိုချင်နေပါတယ်”လို့ ပြောပါတယ်။

မာရက်ဇ်ရော၊ စီရော်နယ်ဒိုပါ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ သက်ဆိုင်ရာကလပ်အသင်းတွေကို ကိုယ်စားပြုရင်း ဆော်ဒီပရိုလိဂ်အဆင့်အတန်းမြင့်မားလာအောင် ဆက်လက်မောင်းနှင်ပေးသွားပါလိမ့်မယ်။ အပြောင်းအရွှေ့တစ်ခုဖြစ်ပေါ်လာနိုင်တယ်လို့ စီရော်နယ်ဒိုက မကြာသေးမီကပဲ ထုတ်ဖော်ပြောကြားခဲ့ပေမယ့် အယ်လ်နာဆာနဲ့ သူ့ရဲ့တစ်နှစ်လုပ်ခပေါင် ၁၇၈ သန်းတန်သဘောတူစာချုပ်ကတော့ အသက်ဝင်နေဆဲပဲ ဖြစ်ပါတယ်။