
အာဆင်နယ်နဲ့ပွဲမှ ဘရူနိုဖာနန်ဒက်စ်ရဲ့အမှားတွေကို ထောက်ပြလာတဲ့ ဖာဒီနန်
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်း ရီယိုဖာဒီနန်က တနင်္ဂနွေနေ့ညက အာဆင်နယ်ကို ၀-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ အမှားတွေနဲ့ ပြဿနာတွေကို ထောက်ပြပြောဆိုလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ နွေရာသီအတွင်းအသစ်ခေါ်ယူထားခဲ့တဲ့ မားသီးယက်စ်ကွန်ညာနဲ့ ဘရိုင်ယန်အမ်ဘွေမိုတို့ကို ပွဲထွက်လူစာရင်းထဲမှာ ထည့်သွင်းခဲ့သလို၊ တိုက်စစ်မှူးသစ် ဘင်ဂျမင်ဆက်စ်ကိုလည်း ဒုတိယပိုင်းမှာ စတင်အသုံးပြုခဲ့ပါတယ်။ အဆိုပါကစားသမားတွေအနေနဲ့ ခြေစွမ်းကောင်းတွေ အသီးသီးပြသနိုင်ခဲ့ပေမယ့် သွင်းဂိုးတော့ရယူနိုင်ခဲ့ခြင်းမရှိလို့ အာဆင်နယ်နောက်ခံလူ ရီကာဒိုကာလာဖီအိုရီရဲ့တစ်လုံးတည်းသောခေါင်းတိုက်ဂိုးနဲ့ အာမိုရင်ရဲ့အသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ ရှုံးပွဲစတင်ကြုံခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ ယူနိုက်တက်နဲ့ အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟောင်း ဖာဒီနန်က အသင်းကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေကို မှတ်ချက်ပြုလာခဲ့ပြီး အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ အမှားအချို့ကိုလည်း ထောက်ပြလာခဲ့ပါတယ်။
ဖာဒီနန်က "ထိပ်သီးအသင်းတွေနဲ့တွေ့ဆုံခဲ့တဲ့ ပွဲတွေတစ်လျှောက် ဒီပွဲက ပြိုင်ဘက်ကို အလွှမ်းမိုးနိုင်ဆုံးပွဲလို့ ပြောရပါမယ်။ ဒီပွဲမှာရှုံးနိမ့်ခဲ့ပေမယ့် အသင်းက ပိုကောင်းတဲ့စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ အပြုသဘောဆောင်တဲ့အချက်တွေကတော့ ကွန်ညာနဲ့ အမ်ဘွေမိုတို့ အရမ်းတက်ကြွနေခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုနဲ့ တိုက်စစ်၊ ခံစစ်အကူးအပြောင်းတွေမှာလည်း တော်တော်လေး အကူအညီပေးနိုင်ခဲ့ကြပါတယ်။ ပြီးတော့ အခုကစားပုံအရ အသင်းဟာ အနာဂတ်မှာ ပိုကောင်းလာဖို့ရှိပါတယ်။ အနုတ်သဘောဆောင်တဲ့အချက်တွေကတော့ ဂိုးတစ်ဂိုးကို လွယ်လွယ်ကူကူခွင့်ပြုခဲ့ရပါတယ်။ ပြီးတော့ ဘရူနိုအနေနဲ့ တိုက်စစ်ကိုလိုက်ပါကစားတဲ့အချိန်မှာ အခုထက်ပိုပြီး လုပ်ပြနိုင်ဖို့လိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အားပိုကောင်းတဲ့အသင်းတွေနဲ့ရင်ဆိုင်ရာမှာ အာရုံစူးစိုက်မှုကို လျှော့ချလိုက်လို့မရပါဘူး။ ဒါက သူ့ရဲ့ပြဿနာဖြစ်ပါလိမ့်မယ်။ ပြီးတော့ ပြိုင်ဘက်ဂိုးဧရိယာထဲမှာ လွှမ်းမိုးမှုသိပ်မရှိခဲ့ပါဘူး။ ဒါပေမယ့် ဆက်စ်ကိုအနေနဲ့ ဒီအချက်ကို ပြင်ပေးနိုင်ပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်စနေနေ့မှာ ယူနိုက်တက်ဟာ ဒုတိယမြောက်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အာမိုရင်အနေနဲ့ အာဆင်နယ်နဲ့ပွဲစဉ်မှ ရှုံးနိမ့်မှုကို ပြန်လည်ချေဖျက်သွားနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။