
အိုဆာဆူနာနဲ့ပွဲမှာ ရိုဒရီဂိုကိုဘာကြောင့် အသုံးမပြုခဲ့သလဲ ရှင်းပြလာတဲ့ အလွန်ဆို
ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီအလွန်ဆိုက မန်ချက်စတာစီးတီးအပါအဝင် ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေကချိတ်ဆက်နေတဲ့ အသင်းရဲ့တောင်ပံကစားသမား ရိုဒရီဂိုကို အိုဆာဆူနာနဲ့ပွဲမှာ ထည့်သွင်းအသုံးပြုခဲ့ခြင်းမရှိတာကြောင့် ကစားသမားရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထင်ကြေးပေးမှုတွေရှိနေပေမယ့် ပွဲအပြီးမှာ ဘရာဇီးသားကိုဘာကြောင့်အသုံးမပြုခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီအကုန်မှာ အသင်းနဲ့လမ်းခွဲသွားခဲ့တဲ့ ကာလိုအန်ဆယ်လော့တီကို ထုတ်ပယ်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်ဟာ အလွန်ဆိုကို နည်းပြသစ်အဖြစ်စတင်ခန့်အပ်ခဲ့တာဖြစ်ပြီး အလွန်ဆိုရဲ့လက်ထက်မှာ ရိုဒရီဂိုတစ်ယောက် ပုံမှန်ပွဲထွက်ခွင့်ရဖို့ အတော်လေးရုန်းကန်နေရပါတယ်။ ယမန်နေ့ညက အိုဆာဆူနာနဲ့ပွဲစဉ်မှာ ရိုဒရီဂိုမပါဝင်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ဟာ တိုက်စစ်မှူး ခီလီယန်အမ်ဘာပေရဲ့ပင်နယ်တီသွင်းဂိုးနဲ့ နိုင်ပွဲရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ အလွန်ဆိုဟာ တိုက်စစ်အတွက် ဘရာဟင်မ်ဒီယက်ဇ်၊ ဗင်နီစီးယက်စ်နဲ့ အမ်ဘာပေတို့ကို ပွဲထုတ်ခဲ့သလို ဖရန်ကိုမာစတန်တူအိုနိုနဲ့ ဂွန်ဇာလိုဂါစီယာတို့ကိုလည်း လူစားဝင်ကစားသမားအဖြစ် ထည့်သွင်းအသုံးပြုခဲ့ပေမယ့် ရိုဒရီဂိုကိုတော့ အရန်ခံမှာပဲ ထိုင်ခိုင်းထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အခုလို ရိုဒရီဂိုကို ကစားခွင့်မပြုခြင်းမှာ အလွန်ဆိုအနေနဲ့ ဘရာဇီးသားကို ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေဖြစ်တဲ့ အာဆင်နယ်၊ လီဗာပူးနဲ့ မန်စီးတီးတို့ထံရောင်းချဖို့ ပြင်ဆင်နေတာကြောင့်ဖြစ်တယ်လို့ ယူဆနေကြတာဖြစ်ပါတယ်။
ပွဲအပြီးမှာ ရိုဒရီဂိုကိုဘာကြောင့် ကစားခွင့်မပြုတာလဲလို့မေးမြန်းခဲ့ရာမှာ အလွန်ဆိုက "ကျွန်တော် ရိုဒရီဂိုကိုအားကိုးပါတယ်။ ဒါက သာမန်ဘောလုံးပွဲတစ်ပွဲပါပဲ။ သူ့ကိုအသုံးမပြုတာ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ပါ" လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ အပြောင်းအရွှေ့ကာလက စက်တင်ဘာလ ၁ ရက်နေ့မှာ ပိတ်သိမ်းတော့မှာဖြစ်ပြီး လောလောဆယ်မှာတော့ ရိုဒရီဂိုကိုခေါ်ယူဖို့ ဖြစ်နိုင်ချေအရှိဆုံးမှာ မန်စီးတီးဖြစ်နေတယ်လို့သိရပါတယ်။ အပြောင်းအရွှေ့ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရတော့ မန်စီးတီးဟာ အသင်းရဲ့တောင်ပံကစားသမား ဆာဗင်ဟိုကို တော့တင်ဟမ်ထံရောင်းချပြီးပါက ရိုဒရီဂိုကိုပြန်လည်ခေါ်ယူဖို့ပြင်ဆင်ထားတယ်လို့ သိရပါတယ်။