The network connection is lost.

Banner Image

အမ်ဘာပေအနေနဲ့ ဘောလွန်းဒီအော် ၅ ဆုလောက်အထိဆွတ်ခူးထားသင့်တယ်လို့ ရာမို့စ်ပြော

မက္ကဆီကိုကလပ် မွန်ထရေးမှာကစားနေတဲ့ ရီးရဲလ်မက်ဒရစ်ဂန္ထဝင်နောက်ခံလူဟောင်း ဆာဂျီယိုရာမို့စ်က လက်ရှိရီးရဲလ်ရဲ့ တိုက်စစ်ကြယ်ပွင့် ခီလီယန်အမ်ဘာပေအနေနဲ့ ဘောလွန်းဒီအော်ဆုကို ၅ ကြိမ်လောက်အထိ ဆွတ်ခူးထားသင့်‌ကြောင်း ပြောကြားလာခဲ့ပါတယ်။ 

အင်တာမီယာမီနဲ့ယှဉ်ပြိုင်သွားရမယ့် ကလပ်ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်မတိုင်မီမှာ ရာမို့စ်ကို ရီးရဲလ်မက်ဒရစ်နဲ့ပတ်သက်တဲ့မေးခွန်းတွေ မေးခဲ့ကြတာဖြစ်ပြီး စပိန်သားဟာ ၂၀၂၅ ဘောလွန်းဒီအော်ဆုကို အမ်ဘာပေဆွတ်ခူးနိုင်ဖို့အခွင့်အရေးရှိကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီအတွင်း အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ကစားသမားဘဝ ပွဲဦးထွက်ရာသီဖြစ်ခဲ့ပေမယ့် စုစုပေါင်း ဂိုး ၄၀ ကျော်အထိသွင်းယူခဲ့ပြီး ထိပ်တန်းခြေစွမ်းကိုဆက်လက်ပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေတစ်ယောက် ဘောလွန်းဒီအော်နဲ့ထိုက်တန်လားလို့မေးမြန်းခဲ့ရာ ရာမို့စ်က "ကျွန်တော့်အတွက်တော့ ဒီအဖြေကရှင်းပါတယ်။ သူက ပီချီချီဆုနဲ့ ရွှေဖိနပ်ဆုကိုရရှိထားပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ကတော့ ဘာဆုဖလားမှမရခဲ့ပါဘူး"

"အမ်ဘာပေအနေနဲ့ တစ်ဦးချင်းဆုတွေကိုသာရခဲ့တယ်ဆိုပေမယ့် ဆုဖလားရတဲ့ကစားသမားတွေကိုသာ ဘောလွန်းဒီအော်ဆုချီးမြှင့်ရရင်တော့ သူ့မှာ ဘောလွန်းဒီအော်ဆု ၄-၅ ခုလောက်ရှိနေပါလိမ့်မယ်" လို့ဖြေကြားခဲ့ပါတယ်။ ရာမို့စ်အနေနဲ့ ဘောလွန်းဒီအော်ဆုဟာ ဆုဖလားအောင်မြင်မှုနဲ့သက်ဆိုင်တယ်ဆိုပါက အမ်ဘာပေဟာ အဆိုပါဆုကို အကြိမ်ပေါင်းများစွာရထားသင့်ကြောင်း ထောက်ပြခဲ့တာဖြစ်ပါတယ်။

 ဆက်လက်ပြီး ယခုနွေရာသီအတွင်း ရေးဗားပလိတ်မှ ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့လာခဲ့တဲ့ နောက်ခံလူ ဖရန်ကိုမက်စတန်ကျူနိုနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ရာမှာ စပိန်သားက "ကျွန်တော်သူ့ပွဲတွေတော့ မကြည့်ဖြစ်ပါဘူး။ ဒါပေမယ့်သူ့မှာ အလားအလာကောင်းတွေအများကြီးရှိတယ်လို့ကြားပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ သူ့ရဲ့အရည်အသွေးဘယ်လောက်ရှိတယ်ဆိုတာကို ရီးရဲလ်လိုအသင်းမျိုးမှာမှ သေချာတွေ့ရမှာပါ" လို့ပြောကြားခဲ့ပါတယ်။