
တံကောက်ကြောဒဏ်ရာကြောင့် ဆီဘယ်လော့စ် ၂ လကြာအနားယူသွားရမယ်လို့ ရီးရဲလ်မက်ဒရစ် အတည်ပြု
ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဒန်နီဆီဘယ်လော့စ်ဟာ ယမန်နေ့က ရီးရဲလ်ဆိုစီဒက်ကို ၀-၁ နဲ့အနိုင်ရခဲ့တဲ့ ကိုပါဒယ်ရေးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် ၂ လာကြာအနားယူသွားရမယ်လို့ သိရပါတယ်။
အဆိုပါပွဲစဉ်မှာ ကစားသမားဟာ ပွဲပြီးကာနီးမှ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတာဖြစ်ပြီး ဆိုစီဒက်တိုက်စစ်ကစားသမား တာကီဖူဆာကူဘိုနဲ့ ထိခိုက်မိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ယခုသောကြာနေ့မှာပဲ ရီးရဲလ်မက်ဒရစ်ဘက်က ဆီဘယ်လော့စ်ဟာ ၂ လအထိအနားယူသွားရမယ်လို့ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
မကြာသေးမီရက်သတ္တပတ်တွေမှာ ရီးရဲလ်မက်ဒရစ်အတွက် ပုံမှန်ပွဲထွက်ကစားခွင့်ရနေပြီး နည်းပြကြီး ကားလို့စ်အန်ဆယ်လော့တီရဲ့ အားထားရတဲ့ကစားသမားအဖြစ် ရပ်တည်နေတဲ့ ဆီဘယ်လော့စ်ဟာ ယခုအခါမှာတော့ စိတ်ပျက်ဖွယ်ဒဏ်ရာပြဿနာကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒဏ်ရာကြောင့် ကစားသမားဟာ အသင်းဟောင်း ရီးရဲလ်ဘက်တစ်နဲ့ယှဉ်ပြိုင်သွားရမယ့် လာလီဂါပွဲစဉ်အပါအဝင် မြို့ခံပြိုင်ဘက် အက်သလက်တီကိုနဲ့ကစားသွားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲစဉ် ၂ ပွဲ၊ ဗယ်လီကာနို၊ ဗီလာရီးရဲလ်၊ လီဂါးနက်စ်တို့နဲ့ပွဲစဉ်တွေကို လွဲချော်သွားတော့မှာဖြစ်ပါတယ်။
ဒဏ်ရာရခဲ့ခြင်းနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှတစ်ဆင့် ဆီဘယ်လော့စ်က "ခက်ခဲနေတဲ့အချိန်မှာ အသင်းအတွက် အကူအညီမပေးနိုင်လို့ အရမ်းဝမ်းနည်းမိပါတယ်။ ဒါပေမယ့် ဘောလုံးလောကမှာ ဒီလိုပါပဲ။ အမြဲတမ်း မလွယ်ကူပါဘူး။ တရားမျှတမှုလည်း သိပ်မရှိပါဘူး။ ဒီပြဿနာကို ခွန်အားအပြည့်နဲ့ရင်ဆိုင်သွားပါမယ်။ ပိုကောင်းတဲ့အခြေအနေနဲ့ ပြန်လာခဲ့ပါမယ်။ ဒါက ကျွန်တော့်ရဲ့အဆုံးသတ်မဟုတ်ပါဘူး။ ဒီထက်ပိုဆိုးတဲ့အခြေအနေတွေကတောင် ကျွန်တော်ပြန်လာနိုင်ခဲ့ပါသေးတယ်။ မကြာခင်မှာပြန်တွေ့ကြပါမယ်" လို့ရေးသားမျှဝေခဲ့ပါတယ်။
ဆီဘယ်လော့စ်ဟာ ဒီရာသမှာ ရီးရဲလ်မက်ဒရစ်အတွက် လာလီဂါပွဲစဉ် ၁၅ ပွဲအထိပါဝင်ကစားထားပြီး အဆိုပါ ၁၅ ပွဲမှ ၁၀ ပွဲကို ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရထားတာဖြစ်ပါတယ်။ ဒါ့အပြင် ကွင်းလယ်လူဟာ မန်စီးတီးကို အနိုင်ရခဲ့တဲ့ ပလေးအောဖ့် ပွဲစဉ် ၂ ပွဲအပါအဝင် ချန်ပီယံလိဂ်မှာလည်း စုစုပေါင်း ၈ ပွဲအထိ ပါဝင်ကစားပေးထားပါတယ်။