
အက်ဖ်အေကနေထွက်ခဲ့ရပေမယ့် ယူနိုက်တက်စတားတစ်ဦးကို ချီးကျူးလိုက်တဲ့ အလန်ရှီးယား
ဖူလ်ဟမ်ကို ပင်နယ်တီနဲ့အရေးနိမ့်ပြီး အက်ဖ်အေကနေထွက်ခဲ့ရပေမယ့်လည်း အလန်ရှီးယားက ချီဒိုအိုဘီရဲ့စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ပါတယ်။ မိနစ် ၁၂၀ ကန်ခဲ့ရပြီးနောက် သရေရလဒ်ထွက်နေချိန်မှာ ပင်နယ်တီအဆုံးအဖြတ်ခံယူကာ ယူနိုက်တက်ဘက်က လင်ဒီလော့ဖ် နဲ့ ဇီကာဇီးတို့လွဲချော်ခဲ့တာကြောင့် ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။
ဖူလ်ဟမ်ကိုအရေးနိမ့်ခဲ့တဲ့ပွဲဟာ အာမိုရင်ရဲ့ယူနိုက်တက်အတွက် နောက်ထပ်စိတ်ပျက်စရာပွဲတစ်ပွဲဖြစ်လာခဲ့ပါတယ်။ အလန်ရှီးယားကတော့ အက်ဖ်အေဖလားကနေထွက်ခဲ့ရပေမယ့် ဟွိုက်လန်းအစား လူစားဝင်လာတဲ့ ချီဒိုရဲ့ခြေစွမ်းကို သဘောကျနေပါတယ်။ အိုဘီဟာ ဟွိုက်လန်းထက် ကန်ချက်ပိုများခဲ့ပြီး ၃ ကြိမ်အထိ ကန်သွင်းခွင့်ရခဲ့တာဖြစ်ပါတယ်။ “သူ(ချီဒို)က တကယ့်ကိုခြိမ်းခြောက်နိုင်တဲ့ကစားသမားမျိုးပါ။ သူက ဟွိုက်လန်းထက်တောင် ပိုကောင်းခဲ့ပါတယ်။
သူက ပြိုင်ဘက်ကို စိတ်အနှောက်အယှက်ပေးနိုင်သလို သူနဲ့ရင်ဆိုင်ကစားရတာလည်း ခက်ခဲပါတယ်။ အဲ့တာက ကျွန်တော် ချီဒိုဆီကနေ ကြိုက်မိတဲ့အချက်ပါ။ သူက မတူညီတဲ့စွမ်းဆောင်ရည်မျိုးပေးစွမ်းနိုင်ပါတယ်”လို့ အလန်ရှီးယားက ပြောကြားခဲ့ပါတယ်။ အာမိုရင်ကလည်း ချီဒိုရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး “ဒီနေ့မှာ ချီဒိုတစ်ယောက် အကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ မှန်ပါတယ်။ သူ့မှာ အခိုက်အတန့်ကောင်းအနည်းငယ်ပဲရှိခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ဘက်ဧရိယာထဲမှာ သူဘောလုံးလိုချင်သလို အဲ့တာက တိုက်စစ်မှူးတွေမှာရှိရမယ့်အရာပါ”လို့ ယူနိုက်တက်တီဗွီကိုပြောကြားခဲ့ပါတယ်။ယူနိုက်တက်ဟာ လာမယ့်ကြာသပတေးနေ့မျာ ဆိုစီဒက်နဲ့ ယူရိုပါလိဂ်ပထမအကျော့ကန်ရမှာဖြစ်ပြီး အာမိုရင်က ချီဒိုကို ဟွိုက်လန်းနေရာမှာ အစားထိုးနိုင်တယ်လု့ိ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
“လာမယ့်ပွဲတွေမှာက ဘာမဆိုဖြစ်နိုင်ပါတယ်။ လေ့ကျင့်ခန်းအစီအစဉ်အတွင်းမှာ ကြည့်ရပါမယ်။ ကျွန်တော်တို့ အများကြီးလေ့ကျင့်ချိန်မရပါဘူး။ ဒါပေမယ့် ပြိုင်ဘက်ကို ရင်ဆိုင်ဖို့ လိုအပ်ပါတယ်။ အခုချိန်မှာ ပြိုင်ပွဲများတာကြောင့် ကစားသမားတွေရဲ့ကြံ့ခိုင်မှုအပိုင်းကိုလည်း ကြည့်ရပါမယ်။ကြာသပတေးနေ့အပြီးမှာ တနင်္ဂနွေနေ့ကန်ရပါဦးမယ်။ ကျွန်တော်တို့မှာ ဂိုးတွေပြဿနာရှိနေပါတယ်။ ဒီနေ့မှာ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပါတယ်။ တစ်ခါတလေမှာ တည်ကန်ဘောတွေက အန္တရာယ်ပေးစွမ်းနိုင်ပါတယ်”လို့ အာမိုရင်က ဖြေကြားခဲ့ပါတယ်။