The network connection is lost.

Banner Image

ဆိုင်မွန်စ်ကိုရောင်းချပြီးပါက ချဲလ်ဆီးထံမှ အန်ကွန်ကူကို ပြန်လည်ခေါ်ယူဖို့ပြင်ဆင်ထားတဲ့ လိုက်ပ်ဇစ်

လိုက်ပ်ဇစ်ဟာ အသင်းရဲ့ကွင်းလယ်တိုက်စစ်ကြယ်ပွင့် ဇာဗီဆိုင်မွန်စ်ကို ချဲလ်ဆီးထံရောင်းချပြီးပါက ချဲလ်ဆီးတိုက်စစ်မှူး ခရစ္စတိုဖာအန်ကွန်ကူကို အသင်းထံ ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်ထားတယ်လို့သိရပါတယ်။ တိုက်စစ်ပိုင်းကို ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်နေတဲ့ချဲလ်ဆီးအနေနဲ့လည်း အန်ကွန်ကူကို ယခုနွေရာသီမှာပဲ အသင်းကနေ ရောင်းချသွားဖို့ရှိသလို၊ မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုကိုလည်း ခေါ်ယူနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ 

အန်ကွန်ကူဟာ ၂၀၂၃ ခုနှစ်ဇွန်လမှာ လိုက်ပ်ဇစ်မှ ချဲလ်ဆီးသို့ ‌ပေါင် ၅၂ သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး ဥရောပရဲ့ အန္တရာယ်အရှိဆုံး တိုက်စစ်ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။သို့သော်လည်း ကစားသမာဟာ ပွဲဦးထွက်ရာသီ  စတန်းဖို့ဒ်ဘရစ်ချ်မှာတော့ ပုံစံကောင်းရရှိဖို့ရုန်းကန်ခဲ့ရသလို၊ ကာလရှည်ဒဏ်ရာပြဿနာနဲ့ပါကြုံတွေ့ခဲ့ရတာကြောင့် ယခုအခါမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ပင် ခက်ခဲနေတာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ အသက်-၂၇ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်ဟာ ကစားသမားဘဝကို အစက‌နေပြန်လည်စတင်နိုင်ဖို့ ရည်ရွယ်ထားပုံပေါ်ပြီး ချဲလ်ဆီးမှထွက်ခွာသွားဖို့ ဆန္ဒရှိနေတယ်လို့သိရပါတယ်။ ချဲလ်ဆီးအနေနဲ့လည်း ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့ ဘဏ္ဍာငွေရှာဖွေလိုတာကြောင့် အန်ကွန်ကူကိုရောင်းချဖို့ သဘောတူညီသွားဖွယ်ရှိပါတယ်။

အန်ကွန်ကူဟာ လိုက်ပ်ဇစ်အတွက်ကစားပေးခဲ့တဲ့ နောက်ဆုံးရာသီမှာ အသင်းအတွက် ဘွန်ဒက်စ်လီဂါ ၂၅ ပွဲကစားကာ ၁၆ ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် လိုက်ပ်ဇစ်အနေနဲ့ ကြယ်ပွင့်ဟောင်းနဲ့ ပြန်လည်ပေါင်းစည်းလိုနေတယ်လို့သိရပါတယ်။ တစ်ချိန်တည်းမှာပဲ လိုက်ပ်ဇစ်ဟာ အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုကို ယူနိုက်တက်ထံ ပေါင် ၇၄ သန်းနဲ့ရောင်းချထားတာကြောင့် တိုက်စစ်ပိုင်းကို ပြန်လည်အင်အားဖြည့်တင်းလိုနေတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအနေနဲ့ ဆိုင်မွန်စ်ကို ခေါ်ယူနိုင်ပါကလည်း ယူနိုက်တက်ကြယ်ပွင့် အလီဂျန်ဒရိုဂါနာချိုကို ထပ်မံခေါ်ယူဖို့ကြိုးစားလာဦးမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်က အာဂျင်တီးနားလက်ရွေးစင်ရဲ့ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၅၀ အထိသတ်မှတ်ထားပြီး ချဲလ်ဆီးအနေနဲ့ အဆိုပါဈေးနှုန်းနဲ့တော့ ဝယ်ယူဖို့ဆန္ဒမရှိတာကြောင့် အပြောင်းအရွှေ့ဈေးကွက်မပိတ်သိမ်းမီ ဈေးကျမယ့်အချိန်ကို စောင့်မျှော်နေတယ်လို့သိရပါတယ်။

ယခုနွေရာသီအတွင်းချဲလ်ဆီးဟာ လီယမ်ဒီလပ်၊ ဂျာအိုပက်ဒရို၊ ဂျေမီဂစ်တန်စ်နဲ့ ဘရာဇီးကြယ်ပွင့်ဝီလီယံအက်စတီဗာအိုတို့ကိုခေါ်ယူထားပြီး အသင်းကို အပြည့်အဝအင်အားဖြည့်တင်းထားတာဖြစ်ပါတယ်။ လာမယ့်ဩဂုတ်လ ၁၇ ရက်နေ့မှာ‌တော့ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ စတင်ယှဉ်ပြိုင်သွားရပါမယ်။