The network connection is lost.

Banner Image

အရန်ကစားသမားအဖြစ်သာပါဝင်ခဲ့ရပေမယ့် ၂ ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ ရာဖင်ဟာ

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ဟာ တနင်္လာနေ့နံနက်က ဗလန်စီယာနဲ့ယှဉ်ပြိုင်ခဲ့တဲ့လာလီဂါပွဲစဉ်မှာ အသင်းရဲ့တောင်ပံကစားသမား ရာဖင်ဟာကို အရန်ခုံထိုင်ခိုင်းခဲ့ပြီး ဒုတိယပိုင်းမှသာ လူစားလဲဝင်ရောက်ခွင့်ပေးခဲ့ပေမယ့် ကစားသမားကတော့ ၂ ဂိုးအထိသွင်းယူပြီး အသင်းအတွက်အရေးပါတဲ့ကစားသမားဖြစ်ကြောင်း သက်သေပြသခဲ့ပါတယ်။

ပါရမီရှင်တောင်ပံကစားသမား လာမိုင်းယာမယ်လ်က ဒဏ်ရာပြဿနာကြောင့် ယခုပွဲစဉ်ကို လွဲချော်သွားမှာဖြစ်လို့ ဟန်ဆီဖလစ်အနေနဲ့ ရာဖင်ဟာကို သေချာပေါက်ပွဲထုတ်လိမ့်မယ်လို့ ထင်ကြေးပေးခဲ့ပေမယ့် ဂျာမန်သားနည်းပြဟာ လူငယ်ကြယ်ပွင့် ရူနီဘာဂျီကိုသာ ပွဲထွက်လူစာရင်းထဲ ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။ 

သတင်းတွေအရ ရာဖင်ဟာကို ပွဲထွက်လူစာရင်းကနေထုတ်ပယ်ခဲ့ခြင်းမှာ ကစားသမားဟာ ပွဲမစမီ အသင်းသို့နောက်ကျမှရောက်လာတာကြောင့် ဖြစ်တယ်လို့သိရပြီး ဖလစ်ဟာ ယခင်ကလည်း ဂျူးလက်စ်ကွန်ဒီနဲ့ အင်နာကီပီနာတို့ကို အဆိုပါအကြောင်းပြချက်ကြောင့်ပဲ လူစာရင်းကနေ ထုတ်ပယ်ခဲ့ဖူးပါတယ်။ 

ရာဖင်ဟာနဲ့ပတ်သက်ပြီး ပွဲမစမီမှာ ဖလစ်က "ကစားသမား ၁၁ ယောက်ပဲ ကွင်းထဲမှာအသုံးပြုလို့ရပေမယ့် ကျွန်တော့်မှာ ကစားသမားတွေအများကြီးရှိနေပါတယ်။ ကျွန်တော်ပြောနိုင်တာ ဒါပါပဲ။ ရာဖင်ဟာက နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ အသင်းနဲ့လေ့ကျင့်ရေးကောင်းကောင်းဆင်းထားပါတယ်။ သူ့ရဲ့စိတ်ဓာတ်က ချီးကျူးစရာပါ။ အသင်းနဲ့အတူ ကစားပြီး လေ့လာသင်ယူချင်တဲ့ကစားသမားပါ"

"ကျွန်တော့်အနေနဲ့ တစ်သင်းလုံးရဲ့ ကစားပုံကိုအရမ်းသဘောကျပါတယ်။ အစကတည်းက ကျွန်တော်တို့ ဘာလိုချင်တယ်ဆိုတာကို ပြသထားပြီးသားပါ။ အသင်းတစ်သင်းအနေနဲ့ပဲ ရှေ့ဆက်သွားမှာဖြစ်ပြီး လက်ရှိ ပွဲထွက်လူစာရင်းကလည်း အရမ်းကောင်းသလို၊ အရန်ခုံက ကစားသမားတွေကလည်း အသင်းကို အင်အားထပ်ဖြည့်ပေးသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ဘာစီလိုနာဟာ ပထမပိုင်းအတွင်း ဖာမင်လိုပက်ဇ်ရဲ့သွင်းဂိုး ၁ ဂိုးတည်းနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ လီဝန်ဒေါစကီး၊ ရာဖင်ဟာတို့ရဲ့ဂိုးတွေနဲ့ ၆-၀ ဆိုတဲ့ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ 
အသင်းအတွက် ၂ ဂိုးအထိသွင်းယူပေးနိုင်ခဲ့တဲ့ ဖာမင်လိုပက်ဇ်နဲ့ပတ်သက်ပြီး ဖလစ်က "ကျွန်တော်တို့ သူ့ရဲ့စွမ်းဆောင်မှုကြောင့် စိတ်အေးရပါတယ်။ ကျွန်တော့်အတွက်တော့ ဒီနေ့သူ့ရဲ့ခြေလှမ်းဟာ အတော်လေးကြီးမားပါတယ်။ ပွဲတိုင်းမှာ ဒီလိုပဲမြင်ချင်ပါတယ်။ သူ့ရဲ့အရည်အသွေးကို လူတိုင်းသိပါတယ်။ အမြဲတမ်းဘောလုံးရဖို့ကို ဆာလောင်နေပြီး အရမ်းတိုးတက်လာတဲ့ကစားသမားပါ" လို့ချီးကျူးပြောဆိုခဲ့ပါတယ်။

ဒူးအရွတ်ဒဏ်ရာကြောင့် တစ်နှစ်ခန့်အနားယူနေခဲ့ရတဲ့ ကွင်းလယ်ကြယ်ပွင့် ဘာနယ်ကလည်း ဒီပွဲမှာ လူစားဝင်ကစားသမားအဖြစ် စတင်ပါဝင်ကစားနိုင်ခဲ့ပြီး ဖလစ်က "ကာလကြာရှည်တဲ့ဒဏ်ရာပြဿနာကနေပြန်လာရတာ မလွယ်ပါဘူး။ ဒါပေမယ့် အခုလိုပြန်လာနိုင်တာ သူ့အတွက်ရော၊ သူ့မိသားစုအတွက်ပါ အရမ်းကောင်းပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ သူအရမ်းအလုပ်ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်တွေကလည်းသူ့ကို တခဲနက်အားပေးခဲ့ကြတယ်ထင်ပါတယ်။ သူ့အတွက်ဝမ်းသာပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်ကြာသပတေးနေ့မှာတော့ ဘာစီလိုနာဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲဆက်လက်ရရှိအောင် စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။