ယာမယ်လ်ရဲ့စကားလုံးတွေကြောင့် ပြင်သစ်အသင်း အနှောင့်အယှက်မဖြစ်ပါဘူးလို့ ကွန်ဒီပြောဆို
စပိန်ကြယ်ပွင့်ယာမယ်လ်ရဲ့ ယုံကြည်မှုရှိတဲ့ စကားလုံးတွေကြောင့် အသင်းနှစ်ခုအကြား တင်းမာမှုတွေ ဖြစ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို ပြင်သစ်နောက်ခံလူကွန်ဒီက ပယ်ချလိုက်ပါတယ်။
ယူရို ၂၀၂၄ ချန်ပီယံ စပိန်အသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲတက်ရောက်ခဲ့တဲ့ ပြင်သစ်အသင်းတို့က အင်္ဂါနေ့မှာ ကမ္ဘာ့ဖလားဖိုင်နယ်ဆီ တက်လှမ်းနိုင်ဖို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားကြပါတော့မယ်။ ဒီအချိန်မှာပဲ ထွက်ပေါ်လာတဲ့ ယာမယ်လ်ရဲ့စကားလုံးတွေက အတော်လေးရဲတင်းတယ်လို့ ထင်ရပေမဲ့ ဘာစီလိုနာအသင်းဖော်ကွန်ဒီကတော့ စော်ကားလိုတဲ့သဘောမျိုးမဟုတ်ဘူးလို့ ဆိုပါတယ်။
လူငယ်တောင်ပံကစားသမားလေးရဲ့ယုံကြည်မှုက ပင်ကိုယ်ဗီဇစရိုက်လက္ခဏာကို ပြသနေခြင်းဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ပြင်သစ်အသင်းရဲ့ပြင်ဆင်မှုတွေအပေါ် သက်ရောက်မှုမရှိစေဘူးလို့ ကွန်ဒီကိုယ်တိုင် ယုံကြည်နေပါတယ်။
"ကျွန်တော်တို့အပေါ် ယာမယ်လ် မလေးမစားပြုမူတယ်လို့ တစ်ခါမှ မခံစားရပါဘူး" လို့ ကွန်ဒီက မီဒီယာတွေဆီ ပြောပါတယ်။ "ယာမယ်လ်ကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဒါက သူ့ရဲ့ယုံကြည်မှုကို ပြသတာဖြစ်သလို သူ့အတွက်လည်း ပိုပြီး ကြိုးစားချင်စိတ် ဖြစ်ပေါ်စေမယ့် တွန်းအားတစ်ခုပါပဲ" လို့ ဆိုပါတယ်။
"စပိန်အသင်းရဲ့ အားသာချက်ကတော့ အသင်းလိုက် စနစ်တကျကစားတာနဲ့ ဘောလုံးကို အချိန်အကြာကြီး ထိန်းထားနိုင်တာပါ။ ကျွန်တော်တို့ကတော့ တန်ပြန်တိုက်စစ်ကို ပိုပြီး အားပြုကစားတာမို့လို့ ပုံစံနည်းနည်း ကွဲပြားပါတယ်။ ဒါပေမဲ့ မနက်ဖြန်ပွဲမှာတော့ သူတို့ အခက်တွေ့အောင် ကျွန်တော်တို့ဘက်က ဘောလုံးကို ပိုပြီး ကိုင်ထားချင်ပါတယ်။ စပိန်နဲ့ ကစားတဲ့အခါ သူတို့ကို မိနစ် ၉၀ ပြည့် ဘောလုံးပေးထားလို့ မရပါဘူး။ ဘာလို့လဲဆိုတော့ နောက်ဆုံးမှာ သူတို့က နေရာလွတ်တွေ ရှာတွေ့သွားပြီး ခင်ဗျားတို့ကို ပင်ပန်းအောင် လုပ်သွားနိုင်လို့ပါပဲ" လို့ ကွန်ဒေးက ရှင်းပြခဲ့ပါတယ်။