The network connection is lost.

Banner Image

ပီအက်စ်ဂျီသို့မရောက်မီ တော့တင်ဟမ်ကိုကိုင်တွယ်ဖို့ နီးစပ်ခဲ့ဖူးကြောင်း ဖွင့်ဟပြောကြားလာတဲ့ အင်းနရစ်

တော့တင်ဟမ်နဲ့ယှဉ်ပြိုင်သွားရမယ့် ယူအီးအက်ဖ်အေစူပါဖလားပွဲစဉ်မတိုင်မီ ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က သူဟာ ပီအက်စ်ဂျီသို့မရောက်မီမှာ တော့တင်ဟမ်ရဲ့ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ပြီး ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

အင်းနရစ်ဟာ ၂၀၂၃ ခုနှစ်အတွင်းမှာ တော့တင်ဟမ်သို့ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး ထိုစဉ်က တော့တင်ဟမ်ဟာ ဖီယင်နုကိုကိုင်တွယ်နေခဲ့တဲ့ လက်ရှိလီဗာပူးနည်းပြ အန်းစလော့ကိုလည်း ချိတ်ဆက်နေခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ တော့တင်ဟမ်ဟာ အန်ဂျီပိုစတီကိုဂလူကို နည်းပြအဖြစ်ခန့်အပ်ခဲ့ပြီး အင်းနရစ်ကတော့ ပီအက်စ်ဂျီသို့ ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ 

ယူအီးအက်ဖ်အေစူပါဖလားပွဲစဉ်မတိုင်မီ အင်းနရစ်က "ကျွန်တော်ပီအက်စ်ဂျီကိုမရောက်ခင် ၆ လလောက်အလိုမှာ အခြားအသင်းတွေရဲ့ကမ်းလှမ်းမှုတွေလည်းရှိခဲ့လို့ ရွေးချယ်စရာတွေများခဲ့ပါတယ်။ ကျွန်‌တော့်ကိုကမ်းလှမ်းတဲ့အသင်းတွေထဲမှာ တော့တင်ဟမ်လည်းပါဝင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ပီအက်စ်ဂျီနဲ့လက်တွဲပြီးနောက်မှာတော့ အင်းနရစ်ဟာ အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ သို့သော်လည်း ယခုယှဉ်ပြိုင်သွားရမယ့် စူပါဖလားပွဲစဉ်မှာ တော့တင်ဟမ်အနေနဲ့လည်း ပီအက်စ်ဂျီကိုအနိုင်ယူဖို့ အခွင့်အရေးရှိနေကြောင်း အင်းနရစ်က ပြောကြားလာခဲ့ပါတယ်။

စပိန်သားနည်းပြက "ကျွန်တော့်အနေနဲ့ တော့တင်ဟမ်နဲ့ပွဲမှာ ဘာတွေဖြစ်လာနိုင်မလဲ မခန့်မှန်းတတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က အနားယူချိန်ပိုများခဲ့ပြီး လေ့ကျင့်ရေးပုံမှန်မဆင်းခဲ့ရတော့ ပုံမှန်အတိုင်းဖြစ်နေဖို့ခက်ပါတယ်။ ဒီပွဲမှာ အသင်းကဘာတွေလုပ်ပြနိုင်မလဲဆိုတာ ကျွန်တော်မပြောတတ်သေးပါဘူး။ တော့တင်ဟမ်က နည်းပြအပြောင်းအလဲတွေပြုလုပ်ခဲ့သလို၊ ရာသီကြိုပွဲစဉ်တွေလည်းကစားထားတော့ ဒီပွဲက ကျွန်တော်တို့အတွက် ခက်ခဲမှာသေချာပါတယ်"

"ကျွန်တော်တို့ လေ့ကျင့်ရေးဆင်းတာ ၁ ပတ်ပဲရှိပါသေးတယ်။ ဒါပေမယ့် ဒါကိုဆင်ခြေပေးသွားမှာမဟုတ်ပါဘူး။  ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့အရာအားလုံးကိုအနိုင်ရခဲ့ပေမယ့် ဒီရာသီမှာတော့ အဲဒီပုံစံကိုဆက်ထိန်းနိုင်ဖို့ ခက်ခဲမှာပါ" လို့ပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းခေါင်းဆောင် မာကွင်ဟိုစ်ကလည်း "တော့တင်ဟမ်က ကျွန်တော်တို့ထက်ပိုကောင်းတဲ့အခြေအနေမှာရှိနေပါတယ်။ ကျွန်တော်တို့ကတော့ ကြံ့ခိုင်မှုအပြည့်အဝမရသေးပါဘူး။ ဒါကြောင့် သူတို့အခွင့်အရေးတွေ ရသလောက်ယူသွားပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။

နောက်ခံလူ နူနိုမန်ဒက်စ်ကလည်း "ကျွန်တော်တို့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ လန်းလန်းဆန်းဆန်းမဖြစ်သေးပါဘူး။ အားလုံးက အားလပ်ရက်ကနေ ပြန်လာကြတဲ့သူတွေချည်းပါပဲ" လို့ပြောကြားခဲ့ပါတယ်။ ယခု တော့တင်ဟမ်နဲ့ပွဲစဉ်ကို ပီအက်စ်ဂျီရဲ့အဓိကကွင်းလယ်လူ ဂျာအိုနီဗက်စ်က ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်သွားမှာဖြစ်သလို၊ ဂိုးသမားဒွန်နာရမ်မာကလည်း အပြောင်းအရွှေ့သတင်းတွေကြောင့် ပါဝင်ကစားသွားမှာမဟုတ်ပါဘူး။