The network connection is lost.

Banner Image

တော့တင်ဟမ်ကို Comeback နဲ့အနိုင်ယူပြီး စူပါဖလားဆွတ်ခူးသွားတဲ့ ပီအက်စ်ဂျီ

ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ယူအီးအက်ဖ်အေစူပါဖလားပွဲစဉ်မှာ ပီအက်စ်ဂျီဟာ တော့တင်ဟမ်ကို နောက်ကနေလိုက်ကစားပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရကာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် စူပါဖလားကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ တော့တင်ဟမ်ဟာ ပီအက်စ်ဂျီကို ၀-၂ နဲ့ပြတ်ပြတ်သားသားဦးဆောင်ထားနိုင်ခဲ့ပေမယ့် ချေပဂိုးတွေပြန်လည်ခွင့်ပြုခဲ့ရပြီး ပင်နယ်တီမှာ အရေးနိမ့်ခဲ့တာကြောင့် ဆုဖလားနဲ့လွဲချော်ခဲ့ရပါတယ်။ တော့တင်ဟမ်ဟာ ပွဲအစကတည်းက ပီအက်စ်ဂျီကို ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၃၉ မိနစ်မှာ ဗန်ဒီဗန်၊ ၄၈ မိနစ်မှာ ရိုမဲရိုး တို့ရဲ့သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ 

သို့သော်လည်း ချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီအနေနဲ့ ဒုတိယပိုင်းမှာ အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး ပွဲပြီးကာနီး ၈၅ မိနစ်နဲ့ ၉၀+၄ မိနစ်တို့မှာ ချေပဂိုးတွေပြန်ရခဲ့တာကြောင့် ပင်နယ်တီအထိ အသက်ဆက်ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာတော့ ပီအက်စ်ဂျီဘက်က ဗီတင်ဟာ တစ်ယောက်သာ လွဲချော်ခဲ့ပေမယ့် တော့တင်ဟမ်ဘက်က ဗန်ဒီဗန်နဲ့ မာသီစ်တဲလ်တို့ လွဲချော်ခဲ့တာကြောင့် ပီအက်စ်ဂျီက ဆုဖလားဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

ယခုစူပါဖလားဟာ ပီအက်စ်ဂျီအတွက် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးဆုဖလားဖြစ်ပေမယ့် နည်းပြ လူးဝစ်အင်းနရစ်အတွက်တော့ ဒုတိယမြောက် ဆုဖလားဖြစ်ပြီး စပိန်သားနည်းပြဟာ ပထမဆုံးအကြိမ်စူပါဖလားကို ၂၀၁၅ ခုနှစ်က ဘာစီလိုနာနဲ့အတူ ဆွတ်ခူးထားခဲ့တာဖြစ်ပါတယ်။ 

ယူအီးအက်ဖ်အေစူပါဖလားကို အများဆုံးဆွတ်ခူးထားတဲ့ စာရင်းမှာ ရီးရဲလ်မက်ဒရစ်က ထိပ်ဆုံးကနေ ၆ ကြိမ်နဲ့ဦးဆောင်ထားပြီး၊ ဘာစီလိုနာနဲ့ အေစီမီလန်တို့က ၅ ကြိမ်စီနဲ့ ဒုတိယနေရာမှာ ပူးတွဲရပ်တည်နေကြပါတယ်။ တတိယနေရာမှာတော့ လီဗာပူးက ၄ ကြိမ်နဲ့ရပ်တည်နေပြီး စတုတ္ထနေရာမှာ အက်သလက်တီကိုက ၃ ကြိမ်နဲ့ရပ်တည်နေပါတယ်။ 

နိုင်ငံအလိုက်ကြည့်မယ်ဆိုရင်တော့ စပိန်ကလပ်တွေဟာ စူပါဖလားကို စုစုပေါင်း ၁၇ ကြိမ်နဲ့ အများဆုံးဆွတ်ခူးထားကြပြီး အင်္ဂလန်ကလပ်တွေက ၁၀ ကြိမ်နဲ့ အီတလီကလပ်တွေက ၉ ကြိမ်ဆွတ်ခူးထားခဲ့တာလည်းဖြစ်ပါတယ်။ မှတ်တမ်းတွေအရ ၂၀၁၈ ခုနှစ်ကတည်းက အခုချိန်အထိ ယူရိုပါလိဂ်ချန်ပီယံတွေဟာ ချန်ပီယံလိဂ်ချန်ပီယံတွေကို စူပါဖလားမှာ အနိုင်မရသေးဘူးလို့ သိရပါတယ်။