The network connection is lost.

Banner Image

နယူးကာဆယ်နဲ့ ရှေ့ဆက်ဖို့မဖြစ်နိုင်တော့ကြောင်း လူသိရှင်ကြားဖွင့်ဟလာတဲ့ အီဆက်

နယူးကာဆယ်တိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်ဟာ အင်္ဂါနေ့ညကကျင်းပခဲ့တဲ့ ပီအက်ဖ်အေဆုပေးပွဲကို တက်ရောက်ခဲ့ခြင်းမရှိဘဲ ယခုအခါမှာတော့ နယူးကာဆယ်ဘက်က ကတိတွေချိုးဖျက်ခဲ့ကြောင်းပြောကြားလာခဲ့ပြီး အသင်းနဲ့ရှေ့ဆက် လက်တွဲဖို့မဖြစ်နိုင်တော့ဘူးလို့ဆိုပါတယ်။ 

အီဆက်ဟာ ၂၀၂၄-၂၅ ဘောလုံးရာသီရဲ့ တစ်နှစ်တာအကောင်းဆုံးပရီးမီးယားလိဂ်လူစာရင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့် ဆုပေးပွဲသို့တက်ရောက်လာခဲ့ခြင်းမရှိပါဘူး။ ကစားသမားဟာ ယခုနွေရာသီအတွင်း နယူးကာဆယ်မှထွက်ခွာပြီး လီဗာပူးသို့ပြောင်းရွှေ့လိုကြောင်း တရားဝင်ထုတ်ဖော်အသိပေးထားပေမယ့် နယူးကာဆယ်ဘက်က ထွက်ခွာခွင့်မပေးတာကြောင့် အသင်းအပေါ်အတော်လေးစိတ်ပျက်နေတာလည်းဖြစ်ပါတယ်။ 

အင်စတာဂရမ်မှတစ်ဆင့် အီဆက်က "၂၀၂၄-၂၅ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးအသင်းမှာပါဝင်ခွင့်ရခဲ့လို့ ဂုဏ်ယူပါတယ်။ ဒီအတွက် နယူးကာဆယ်မှာကျွန်တော့်ကိုကူညီပံ့ပိုးပေးခဲ့ကြတဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ကျွန်တော် ဆုပေးပွဲကိုတော့ မတက်ခဲ့ပါဘူး။ လက်ရှိအခြေအနေတွေအရ ဒီပွဲကို မတက်သင့်ဘူးလို့ခံစားရလို့ပါ။ အခြားလူတွေ စကားတွေပြောနေချိန်မှာ ကျွန်တော်နှုတ်ဆိတ်နေခဲ့မိပါတယ်။ ဒီလို တိတ်တဆိတ်နေလိုက်ခြင်းက အခြားသူတွေအတွက် သူတို့ကိုယ်ပိုင်အမှန်တရားကိုဖန်တီးဖို့ အခွင့်အရေးပေးသလိုဖြစ်ခဲ့ပါတယ်"

"တကယ်တော့ ကလပ်မှာကျွန်တော့်ရဲ့ရပ်တည်ချက်နဲ့ပတ်သက်ပြီး ကတိပေးထားတာတွေရှိပါတယ်။ အခုမှ ဒီကိစ္စတွေပေါ်လာသလိုလုပ်တာကတော့ ကလပ်ရဲ့လွဲမှားတဲ့အပြုအမူပဲဖြစ်ပါတယ်။ ကတိတွေချိုးဖျက်ပြီး ယုံကြည်မှုတွေပျောက်ဆုံးသွားခဲ့အခါမှာ ကျွန်တော်တို့ရဲ့ဆက်ဆံရေးက တည်မြဲဖို့မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်တစ်ယောက်တည်းအတွက်မဟုတ်ဘဲ အားလုံးကောင်းဖို့ ပြောင်းလဲမှုတွေပြုလုပ်သင့်ပါတယ်" လို့ရေးသားဖော်ပြခဲ့ပါတယ်။

အီဆက်ဟာ ယခုနွေရာသီအတွင်း နယူးကာဆယ်မှ ထွက်ခွာတော့မယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားပြီး ကစားသမားအနေနဲ့ လီဗာပူးသို့ပြောင်းရွှေ့လိုနေတာကြောင့် အသင်းနဲ့ အချေအတင်တွေဖြစ်ခဲ့ပါတယ်။ ဆွီဒင်လက်ရွေးစင်အနေနဲ့ အန်ဖီးလ်သို့ပြောင်းရွှေ့ပြီး ကစားသမားဘဝရှေ့ဆက်လိုနေပေမယ့် နယူးကာဆယ်ကတော့ အပြောင်းအရွှေ့ကို ခွင့်ပြုခြင်းမရှိသေးပါဘူး။ အသက်-၂၅ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့အပတ်က အက်စတွန်ဗီလာနဲ့ပွဲမှာ ချန်လှပ်ခံခဲ့ရသလို၊ လေ့ကျင့်ရေးပြုလုပ်ရာမှာလည်း တစ်ကိုယ်တော်သီးသန့်ပြုလုပ်နေရတာဖြစ်ပါတယ်။

အက်စတွန်ဗီလာနဲ့ပွဲအပြီးမှာ နည်ပြအက်ဒီဟိုဝီက အီဆက်ရဲ့ပြဿနာကို အမြန်ဆုံးဖြေရှင်းဖို့ နယူးကာဆယ်ကိုတိုက်တွန်းထားခဲ့ပါတယ်။ ယခုအခါမှာ အီဆက်က လူသိရှင်ကြားထုတ်ဖော်ပြောဆိုမှုတွေပြုလုပ်လာခဲ့တာကြောင့် နယူးကာဆယ်အနေနဲ့ ဘယ်လိုဆက်လက်လုပ်ဆောင်သွားမလဲ စောင့်ကြည့်ရပါမယ်။