The network connection is lost.

Banner Image

နယူးကာဆယ်နဲ့ လီဗာပူးကြယ်ပွင့်ဟောင်း ကီဗင်ကီးဂန်း အသက် ၇၅ နှစ်အရွယ်မှာပဲ ကွယ်လွန်အနိစ္စရောက်

နယူးကာဆယ်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဟောင်းကီဗင်ကီးဂန်းက ကင်ဆာရောဂါနဲ့ အသည်းအသန်တိုက်ပွဲဆင်နွှဲခဲ့ပြီးနောက် အသက် ၇၅ နှစ်အရွယ်မှာပဲ ကွယ်လွန်သွားခဲ့ပါပြီ။

ကီးဂန်းက ကစားသမားဘ၀မှာ ဘော်လွန်းဒီအော်ဆုနှစ်ကြိမ်တိုင်တိုင်ရရှိခဲ့တဲ့ ဂန္ထဝင်တစ်ဦးအဖြစ် လူသိများသလို စကမ်းသေ့ပ်၊ လီဗာပူး၊ ဟမ်းဘတ်၊ ဆောက်သမ်တန်နဲ့ နယူးကာဆယ်အသင်းတို့မှာလည်း အောင်မြင်တဲ့ခရီးလမ်းကို ဖြတ်သန်းနို်ငခဲ့သူ ဖြစ်ပါတယ်။

သူက အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၆၃ ပွဲအထိ ကစားပေးခဲ့သလို အင်္ဂလန်အသင်းနည်းပြအဖြစ် ၁၈ လကြာ တာဝန်ယူချိန်အတွင်းမှာလည်း ယူရို ၂၀၀၀ ပြိုင်ပွဲဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

"အသက် ၇၅ နှစ်အရွယ်မှာပဲ ကီဗင်ကီးဂန်း ကွယ်လွန်သွားခဲ့ပြီလို့ အလွန်တရာဝမ်းနည်းစွာဖြင့် အသိပေးအပ်ပါတယ်" လို့ သူ့ရဲ့မိသားစုက ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

"ကင်ဆာရောဂါကို ကီဗင်ကီးဂန်း အသည်းအသန်ရင်ဆိုင်ခဲ့ရပြီး သူ့ရဲ့နောက်ဆုံးအချိန်မှာ ဇနီးသည်နဲ့ သမီးဖြစ်သူတို့က သူ့ကို ဝန်းရံစောင့်ရှောက်ခဲ့ကြပါတယ်။ ဘော်လွန်းဒီအော်နှစ်ဆုရှင်ကီးဂန်းက အားလုံးရဲ့ချစ်ခင်မှုကိုရရှိတဲ့ ခင်ပွန်း၊ ဖခင်နဲ့ အဘိုးတစ်ဦးလည်း ဖြစ်ပါတယ်" လို့ ဆိုပါတယ်။

ဒါ့အပြင် "ကီးဂန်းအပေါ် အကောင်းဆုံးပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ဆေးအဖွဲ့ကိုလည်း မိသားစုက အထူးကျေးဇူးတင်ပါတယ်။ အခုအချိန်က မိသားစုဝင်တွေအတွက် တကယ့်ကို ခက်ခဲတဲ့အချိန်ဖြစ်လို့ မိသားစုရဲ့ပုဂ္ဂိုလ်ရေးဘ၀အပေါ် လေးစားပေးဖို့ တောင်းဆိုချင်ပါတယ်" လို့လည်း ရေးသားထားပါတယ်။