
ဝုဗ်ကိုရှုံးနိမ့်ခဲ့ခြင်းမှာ တစ်ဦးချင်းအမှားတွေကြောင့်ဖြစ်တယ်လို့ဆိုလာတဲ့ ပိုစတီကိုဂလူ
တော့တင်ဟမ်နည်းပြ အန်ဂျီပိုစတီကိုဂလူက တနင်္ဂနွေညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝုဗ်ကို ၄-၂ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့ခြင်းမှာ အသင်းရဲ့ တစ်ဦးချင်းအမှားတွေကြောင့်ဖြစ်တယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ တော့တင်ဟမ်ဟာ ပထမပိုင်းအတွင်းမှာပဲ ၂-၀ နဲ့အရေးနိမ့်နေခဲ့တာဖြစ်ပြီး နောက်ကနေလိုက်ကစားခဲ့ရပါတယ်။ တော့တင်ဟမ်အနေနဲ့ ၃-၂ ဆိုတဲ့အခြေအနေထိပုံဖော်နိုင်ခဲ့ပေမယ့် ဝုဗ်အတွက်အနိုင်သေချာစေမယ့်ဂိုးကို မားသီးယက်စ်ကွန်ဟာက ပွဲပြီးကာနီးမှာသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ ပိုစတီကိုဂလူက "ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ထင်ပါတယ်။ ဒါပေမယ့် မပေးသင့်တဲ့ဂိုးတွေခွင့်ပြုခဲ့ရပါတယ်။ ကံမကောင်းစွာပဲ ဒီနေ့မှာ တစ်ဦးချင်းအမှားတွေများခဲ့ပြီး စိတ်ပျက်စရာအခြေအနေနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်"
"ပွဲအခြေအနေကိုထိန်းချုပ်နိုင်ဖို့ အခွင့်အရေးရှိခဲ့ပေမယ့် ကျွန်တော်တို့ မဆုပ်ကိုင်နိုင်ခဲ့ပါဘူး။ အမှားဆိုတာ ဖြစ်တတ်ပါတယ်။ ဘောလုံးလောကမှာ ဒီလိုပါပဲ။ ကျွန်တော်တို့အမှားတွေကြောင့်ပဲ အပြစ်ပေးခံခဲ့ရတာပါ" လို့ပြောကြားခဲ့ပါတယ်။
ဝုဗ်ကို ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက်အနိုင်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ ဗစ်တာပါရီရာကတော့ "အသင်းရဲ့စွမ်းဆောင်ရည်အပေါ် အရမ်းကျေနပ်ပါတယ်။ ကျွန်တော်တို့ အရမ်းသန်မာတဲ့အသင်းတစ်သင်းနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဒီလိုရလဒ်နဲ့ထိုက်တန်တယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ အခုထက် ပိုပိုပြီးတော့ သန်မာလာနိုင်ပါတယ်"
" အသင်းရဲ့ စိတ်ဓာတ်ပိုင်းက အရမ်းတက်ကြွနေပြီး ချေပဂိုးပြန်ပေးရချိန်မှာတောင် စိတ်ဓာတ်လုံးဝ ကျမသွားခဲ့ပါဘူး။ယုံကြည်မှုအပြည့်နဲ့ ဂိုးတွေဆက်သွင်းနိုင်ခဲ့ပါတယ်။ Clean Sheet မရခဲ့ပေမယ့် အနိုင် ၃ မှတ်ရဖို့က အရေးကြီးဆုံးမို့လို့ ဒီပွဲအတွက် ကျေနပ်မိပါတယ်" လို့ပြောကြားခဲ့ပါတယ်။