The network connection is lost.

Banner Image

အသင်းပရိသတ်တွေရဲ့ဆန့်ကျင်မှု ကို ပြောင်ပြောင်တင်းတင်းအာခံသွားတဲ့ ပိုစတီကိုဂလူ

မစ်ဂျေလန်းကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ စီးတီးဂရောင်းကွင်းယူရိုပါလိဂ်ပွဲစဉ်အပြီး နော်တင်ဟမ်ဖောရက်စ်နည်းပြပိုစတီကိုဂလူက ပရိသတ်တွေရဲ့မကျေမနပ်ပေါက်ကွဲအော်ဟစ်သံတွေကို ကြားသိပါတယ်လို့ ဝန်ခံခဲ့ပါတယ်။ အခုပွဲစဉ်မှာ ဧည့်သည်တွေအတွက် ဦးဆောင်ဂိုးကို ဒိုင်အိုက သွင်းယူပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ ပရီးမီးယားလိဂ်ကလပ်အသင်းအတွက် အမ်ဒိုယီရဲ့ချေပဂိုးသွင်းယူမှုအပြီး မိနစ်ပိုင်းအကြာမှာပဲ မက်ဘတ်က မစ်ဂျေလန်းအတွက် ဦးဆောင်ဂိုးသွင်းယူသွားလို့ အိမ်ကွင်းပရိသတ်တွေ ပေါက်ကွဲသွားခဲ့ပါတယ်။

ဆက်လက်ပြီး နော်တင်ဟမ်ဖောရက်စ်အတွက် ခရစ်ဝုဒ်ရဲ့သွင်းဂိုးနှစ်ဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ကာ ပြန်လည်ပယ်ဖျက်ခဲ့သလို ဒိန်းမတ်ကလပ်အတွက် အနိုင်သေချာစေမယ့် အဖိုးတန်ဂိုးကို ပွဲချိန်နှောင်းပိုင်းမှာ အန်ဒရီယာဆန်က သွင်းယူသွားခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာ ခရစ်ဝုဒ်ရဲ့ပယ်နယ်တီချေပဂိုးတစ်ဂိုး ပေါ်ထွက်လာခဲ့ပေမယ့် စီးတီးဂရောင်းကွင်းအတွင်း မြည်ဟိန်းနေတဲ့ Boo မှုတ်သံတွေကို ပပျောက်သွားအောင် မစွမ်းဆောင်ပေးနိုင်ပါဘူး။ ဒါ့အပြင် အိမ်ကွင်းပရိသတ်တွေက နည်းပြပိုစတီကိုဂလူဆီ တိုက်ရိုက်ရည်ညွှန်းပြီး “ မိုးလင်းရင် အလုပ်ထုတ်ခံရဖို့ သေချာပြီ”လို့ လှောင်ပြောင်အော်ဟစ်ခဲ့ပါတယ်။

အခုလိုမျိုး ပရိသတ်တွေရဲ့စောစောစီးစီးဆန့်ကျင်မှုတွေနဲ့ရင်ဆိုင်ရခြင်းအပေါ် အံ့အားသင့်မိသလားဆိုတဲ့ မေးခွန်းကို ပိုစတီကိုဂလူက “ ပရိသတ်တွေ စိတ်ပျက်နေပါပြီ။ ဒီနေရာမှာ သူတို့ရဲ့ထင်မြင်ချက်တွေ ဖွင့်ဟနိုင်လို့ ကျွန်တော်ကိုယ်တိုင်လည်း ကြားသိခဲ့ပါတယ်။ ဘောလုံးလောကမှာတော့ ကျွန်တော့်အတွက် အံ့သြမိစေတဲ့အရာဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ ရောက်ရှိနေတဲ့အခြေအနေက သိပ်ကောင်းပုံမရဘဲ အခုလိုကိစ္စတွေ ဖြစ်ပေါ်လာတယ်လို့ ယူဆရပါတယ်။

ဒါပေမဲ့ အခုလိုအမြင်မျိုးကို ကျွန်တော်ကိုယ်တိုင်လည်း မထိန်းချုပ်နိုင်ပါဘူး။ ကျွန်တော့်ရဲ့တာဝန်ဝတ္တရားက ဒီကလပ်အသင်းအတွက် နိုင်ပွဲတွေရယူပေးဖို့နဲ့ တိုးတက်လာအောင် ကြိုးစားလုပ်ဆောင်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဒါကိုပဲ ကျွန်တော်ကတော့ အာရုံစိုက်သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ပိုစတီကိုဂလူက ကလပ်အသင်းသစ်အတွက် အဖွင့်ခြောက်ပွဲမှာ လေးပွဲရှုံးနိမ့်ကာ  နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အဖွင့်ခြောက်ပွဲဆက် နိုင်ပွဲပျောက်ဆုံးတဲ့ ပထမဆုံးနော်တင်ဟမ်ဖောရက်စ်အမြဲတမ်းနည်းပြအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ဒါပေမဲ့ သြစတြေးလျသားကတော့ အရာရာတိုင်းကို အပြောင်းအလဲပြုလုပ်ပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

သူက “ ဟုတ်ပါတယ်၊ ကျွန်တော်ကိုယ်တိုင် အရာရာတိုင်းကို ပြောင်းလဲပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ ဒီညမှာမြင်တွေ့ခဲ့တဲ့အရာတွေကြောင့် ဘာမှပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒီနေရာမှာ ခံစားချက်တွေ အရမ်းကောင်းနေမယ်လို့ မယူဆပါဘူး။ အထူးသဖြင့် အခုလိုအခိုက်အတန့်မှာ ကျွန်တော့်အပေါ်ထားရှိတဲ့ လူတွေရဲ့စိတ်နေစိတ်ထားကို နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီအရာမျိုးအတွက် ကျွန်တော်ကတော့ ဘယ်တော့မှမစိုးရိမ်မိသလို ရင်းနှီးရင်းစွဲရှိတဲ့ အခြေအနေမျိုးလည်း မဟုတ်ပါဘူး။

အခုလို မရေမရာကာလကို ဖြတ်သန်းပြီးချိန်မှာ လမ်းကြောင်းမှန်ပေါ်ရောက်ရှိလိမ့်မယ်လို့လည်း ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ အမှန်ပါပဲ၊ ကျွန်တော်ကတော့ ကိုယ်လုပ်နေတဲ့အရာကို လူတွေ အကောင်းမြင်နေတာမျိုးပဲ ကြိုက်ပါတယ်။ ဒါပေမဲ့ ဒီလိုအမြင်မျိုးဆီ ပြောင်းလဲပစ်ဖို့ဆိုတာ ဘောလုံးပွဲစဉ်တွေကို အနိုင်ရရှိမှပဲ ဖြစ်နိုင်ပါတယ်။ ကျွန်တော်ကတော့ အခုလုပ်ကိုင်နေတဲ့ လုပ်ငန်းစဉ်အပေါ် အမှန်တကယ်ယုံကြည်ထားပြီး လိုအပ်နေတဲ့ရလဒ်တွေ ရရှိဖို့ အလှမ်းဝေးလွန်းနေတယ်လို့လည်း မယူဆထားပါဘူး”လို့ ဆက်ပြောပါတယ်။