အပိုစိတ်လှုပ်ရှားမှုမခံစားရကြောင်း အခိုင်အမာပြောကြားလိုက်တဲ့ ပိုစတီကိုဂလူ
တော့တင်ဟမ်နည်းပြ ပိုစတီကိုဂလူက မိမိအနေနဲ့ အခြားမည့်သည်အပိုစိတ်လှုပ်ရှားမှုမှမခံစားရကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ ရလဒ်တွေဆိုးဝါးမှုကြောင့် ပိုစတီကိုဂလူအနေနဲ့ ဖိအားတွေများလာနေပြီး သူ့ရဲ့တည်ဆောက်မှုအပိုင်းကို ထိခိုက်လာနေတာဖြစ်ပါတယ်။
ဒါပေမယ့် တော့တင်ဟမ်နည်းပြကတော့ သူ့နောက်မှာ ကစားသမားတွေအပြင် ဘုတ်အဖွဲ့ကလည်း အပြည့်အဝရှိနေတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
“လူတွေ ကျွန်တော့်အခြေအနေကို ဘယ်လိုတွေးနေလဲဆိုတာ ကျွန်တော်သိပါတယ်။ Jeez သူ့အနေနဲ့ တစ်ခုခုလုပ်ရမှာ ဒါမှမဟုတ် သူ့မှာပြဿနာရှိနေပါပြီလို့ တွေးနေမှာပါ။
ဒါပေမယ့် ကျွန်တော်အဲ့တာတွေကို စိတ်မလှုပ်ရှားပါဘူး။ ကျွန်တော် အောင်မြင်မှုတွေရယူနိုင်တဲ့အသင်းတစ်သင်းကို တည်ဆောက်ချင်တာပါ။ အဲ့တာက ဘယ်တော့မှမပြောင်းလဲပါဘူး။ ကျွန်တော် လုပ်နေတာကို ဆက်လုပ်ဆောင်မှာပါ။
အဲ့တာအတွက်လည်း ဖိအားတွေမရှိသလို အပိုစိတ်လှုပ်ရှားမှုလည်း မခံစားရပါဘူး”လို့ ပိုစတီကိုဂလူက ပြောကြားခဲ့ပါတယ်။ တော့တင်ဟမ်ဟာ နောက်ဆုံးပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ ပွဲအထိ အရေးနိမ့်ထားခဲ့သလို ဘန်ဒေးဗီးစ်ကလည်း ဒဏ်ရာရရှိခဲ့တာကြောင့် ၂ ပတ်ကျော်လောက်နားရတော့မှာဖြစ်ပါတယ်။
နော်တင်ဟမ်နဲ့ပွဲက အနီကတ်ကြောင့် လာမယ့်ဝုဗ်နဲ့ပွဲကို စပန်ဆီကလည်းလွဲချော်မှာဖြစ်ပြီး ဒရာဂူဆင်ကလည်း ခြေကျင်းဝတ်ဒဏ်ရာကြောင့် ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်နေရပါတယ်။
ဒါ့အပြင် ရိုမဲရိုး နဲ့ ဗန်ဒီဗန်တို့ကလည်း ဆက်လက်နားနေရတာဖြစ်ပြီး ခံစစ်ပိုင်းအတွက် ဘစ်ဆူးမား နဲ့ ဒိုရင်တန်တို့ကို အသုံးပြုရဖို့များနေပါတယ်။
ဒဏ်ရာပြဿနာတွေရှိနေပေမယ့် ပိုစတီကိုဂလူကတော့ အကောင်းမြင်နေဆဲဖြစ်ပါတယ်။ “ကျွန်တော်တို့ အခြေအနေက အရမ်းမဆိုးသေးပါဘူး။ ကာရာဘောင်ကွာတားဖိုင်နယ်ကို အနိုင်ရရှိထားသလို လိဂ်အဆင့်ရပ်တည်မှုလည်း မဆိုးသေးပါဘူး။ အချို့အသင်းတွေနဲ့ဆိုရင် ၄ မှတ် ဒါမှမဟုတ် ၅ မှတ်လောက်ပဲကွာဟတာပါ။ ကျွန်တော်တို့ပဲ ဒဏ်ရာပြဿနာရှိနေတာမဟုတ်ပဲ အချို့အသင်းတွေလည်း အတူတူခံစားနေရတာပါ။
လက်ရှိအခြေအနေကို ကျွန်တော် ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီနှစ်မှာ ကျွန်တော် အရာအားလုံးပေးဆပ်ကစားဖို့ ကျန်နေပါသေးတယ်။ ပြီးတော့ အောင်မြင်တဲ့ရာသီတစ်ခုဖြစ်အောင်လည်း လုပ်ဆောင်ရပါမယ်”လို့ ပိုစတီကိုဂလူက ပြောကြားခဲ့ပါတယ်။
တော့တင်ဟမ်အနေနဲ့ လာမယ့်ဆောင်းဈေးကွက်မှာ လူအင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ဖို့များနေပါတယ်။ ရစ်ချာလီဆင် နဲ့ မိုရီတို့ကတော့ လာမယ့်အပတ်မှာ လေ့ကျင့်ခန်းပြန်ဆင်းဖွယ်ရှိနေပြီး အသက် ၁၈ နှစ်သား တောင်ကိုရီးယားတောင်ပံကစားသမားကို လာမယ့်နှစ်သစ်မှာ တော့တင်ဟမ်က မှတ်ပုံတင်နိုင်မှာဖြစ်ပါတယ်။ ယန်ကို တော့တင်ဟမ်အသင်းဟာ ကေလိဂ်ကလပ် ဂန်ဝန်အသင်းထံကနေ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။