အသက်-၁၈ နှစ်အရွယ် တောင်ကိုရီးယားကြယ်ပွင့် ယန်မင်ဟွတ်ကို ခေါ်ယူလိုက်တဲ့ တော့တင်ဟမ်
တော့တင်ဟမ်ဟာ ဂန်ဝန်အသင်းမှ အသက်-၁၈ နှစ်အရွယ် တောင်ကိုရီးယားကြယ်ပွင့်လေး ယန်မင်ဟွတ်ကို အပြီးသတ်ခေါ်ယူလိုက်ပြီး ၆ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားမယ်လို့သိရပါတယ်။
သို့သော်လည်း လူငယ်ကစားသမားဟာ တော့တင်ဟမ်အသင်းနဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှသာ စတင်ပူးပေါင်းသွားမှာဖြစ်ပါတယ်။ ယန်ဟာ လက်ရှိတော့တင်ဟမ် အသင်းရဲ့ တောင်ကိုရီးယားကြယ်ပွင့် ဆွန်ဟောင်မင်နဲ့ နှိုင်းယှဉ်ခံထားရပြီး ကိုရီးယားလိဂ်မှာ ဧပြီလ၊ မေလနဲ့ ဇွန်လတို့ရဲ့ တစ်လတာအကောင်းဆုံး ကစားသမားဆုတွေကို ဆွတ်ခူးရရှိခဲ့သူဖြစ်ပါတယ်။
ဒီရာသီမှာ ကစားသမားဟာ ဂန်ဝန်အသင်းအတွက် ၂၄ ပွဲအထိ ပွဲထွက်ပါဝင်ခွင့်ရထားပြီး ၇ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ပေးထားနိုင်ပါတယ်။ ယခုအခါမှာတော့ ယန်ဟာ သမိုင်းတစ်လျှောက် တော့တင်ဟမ်စီနီယာအသင်းရဲ့ တတိယမြောက် ကစားသမားဖြစ်လာခဲ့ပါတယ်။
တော့တင်ဟမ်အသင်းရဲ့ ပထမဆုံးတောင်ကိုရီးယား ကစားသမားဟာ ၂၀၀၅ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်အတွင်း အသင်းအတွက် ၉၃ ပွဲ ကစားခဲ့တဲ့ ဘယ်နောက်ခံလူ လီယောင်ဖျိုဖြစ်ပြီး ဒုတိယကစားသမားကတော့ ပရိသတ်အချစ်တော် ဆွန်ဟောင်မင်ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ တော့တင်ဟမ်သို့စတင်ရောက်ရှိလာခဲ့တဲ့ ဆွန်ဟာ အသင်းအတွက် ၄၀၈ ပွဲကစားပြီး ၁၆၂ ဂိုးအထိ သွင်းယူပေးထားပါတယ်။
ဆွန်ဟာ တောင်ပံကစားသမားဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီကတော့ အသင်းရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့သွားတာကြောင့် ဗဟိုတိုက်စစ်နေရာမှာ ပြောင်းလဲဆော့ကစားနေတာဖြစ်ပါတယ်။ ယန်ကလည်း ဆွန်လို တောင်ပံကစားသမားတစ်ဦး ဖြစ်တယ်လို့သိရပြီး လက်ရှိ ကိုရီးယားလိဂ်ပြိုင်ပွဲ ကုန်ဆုံးမယ့် နိုဝင်ဘာလ ၂၄ ရက်နေ့နောက်ပိုင်းမှာ တော့တင်ဟမ်နဲ့ စတင်ချိတ်ဆက်သွားမှာဖြစ်ပါတယ်။
ပြိုင်ပွဲပြီးဆုံးဖို့ ၁၅ ပွဲ ကျန်ရှိနေသေးတဲ့အချိန်မှာ ဂန်ဝန်ဟာ လက်ရှိအမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာရပ်တည်နေပြီး ထိပ်ဆုံးက ပိုဟန်စတီလာနဲ့ ၃ မှတ်သာ ကွာဟနေပါတယ်။ တော့တင်ဟမ်သို့ မပြောင်းရွှေ့ခင်မှာ ယန်ဟာ တော့တင်ဟမ်ကို ပြိုင်ဘက်အနေနဲ့ ရင်ဆိုင်သွားရနိုင်ချေရှိပါတယ်။
ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဟူးနေ့မှာ တော့တင်ဟမ်နဲ့ယှဉ်ပြိုင်သွားရမယ့် ကိုရီးယားလိဂ်ရဲ့ အောစတားအသင်းမှာ ယန်ဟာ ပါဝင်ကစားဖို့ ရွေးချယ်ခံထားရတာကြောင့်ဖြစ်ပါတယ်။