
ပွဲပယ်ပြစ်ဒဏ်ကြောင့် ကစားသမားဘဝကနေ အနားယူဖို့အထိ စဉ်းစားခဲ့ကြောင်း ယူနိုက်တက်စတားဟောင်း ထုတ်ဖော်ပြောကြား
ယူနိုက်တက်စတားဟောင်း ပေါ့ဂ်ဘာက တကယ်လို့ ၄ နှစ်ပွဲပယ်သာအမှန်တကယ်ဖြစ်လာခဲ့ရင် သူ့အနေနဲ့ ဘောလုံးလောကကို စွန့်ခွာဖို့ဆုံးဖြတ်ထားခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပေါ့ဂ်ဘာတစ်ယောက် အူဒီးနီးစ်နဲ့ပွဲမတိုင်ခင် ဆေးသုံးစွဲမှုစစ်ဆေးရာမှာ ထင်ရှားခဲ့တာကြောင့် ကနဦး ၄ နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
ဒါပေမယ့်လည်း ကာလရှည်အယူခံဝင်ခဲ့ပြီးနောက် အဆိုပါပြစ်ဒဏ်က လျော့ကျခဲ့ပါတယ်။အခုချိန်မှာ ပြင်သစ်စတားဟောင်းက သူ့အနေနဲ့ ၄ နှစ်သားပွဲပယ်ခံရမယ်ဆိုရင် အနားယူဖို့ စဉ်းစားထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ ဂျူဗင်တပ်စ်အသင်းနဲ့လမ်းခွဲခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသင်းသစ်မရှာဖွေရသေးတာဖြစ်ပြီး အသင်းတော်တော်များများက ချိတ်ဆက်နေကြကာ အဲ့ထဲမှာ ဆော်ဒီ နဲ့ မေဂျာလိဂ်ကလပ်တွေပါဝင်နေပါတယ်။
“တကယ်လို့ သူတို့ ကျွန်တော့်ကို ၄ နှစ်ပွဲပယ်ခဲ့ရင် ကျွန်တော်အနားယူဖို့ စဉ်းစားထားပါတယ်။ ဒါပေမယ့် ကျွန်တော် ဘာတွေးနေလဲဆိုတာ လူသိရှင်ကြားမပြောချင်ပါဘူး။ ကျွန်တော် နားမလည်နိုင်ဖြစ်ရပါတယ်။ ဘာကြောင့်လဲပေါ့?။ သူတို့ ပြစ်ဒဏ်ကို လျော့ချပေးခဲ့ပါတယ်။ ဆိုလိုတာက သူတို့ ကျွန်တော်ပြောခဲ့တာကို တစ်ခုမှနားမထောင်ခဲ့ဘူးဆိုတာပါပဲ။ ကျွန်တော် တကယ့်ဘဝကိုမြင်ခဲ့ရပါတယ်။ အဲ့တာက ကျွန်တော့်ကို လုံးဝခြားနားစေခဲ့ပါတယ်။ ၁၀ နှစ်အရွယ်လောက်ကို ပြန်ရောက်သွားသလိုပါပဲ”လို့ ပေါ့ဂ်ဘာက ပြောကြားခဲ့ပါတယ်။ ပေါ့ဂ်ဘာအနေနဲ့ မကြာခင်မှာ အသင်းရွေးချယ်ဖွယ်ရှိနေပြီး နောက်တစ်ကြိမ်ကစားဖို့ မစောင့်နိုင်အောင်ဖြစ်နေပြီလို့ ဝန်ခံပြောကြားခဲ့ပါတယ်။