
အာဆင်နယ်ရဲ့ကစားသမားတစ်ဦးရောင်းချခဲ့မှုအပေါ် ကာကွယ်ပြောကြားလိုက်တဲ့ ပီတာချက်
အာဆင်နယ်ကနေထွက်ခွာပြီးကတည်းက ထိပ်တန်းကစားသမားဖြစ်လာတဲ့ အာဆင်နယ်စတားတစ်ဦးကိုရောင်းချခဲ့တဲ့အပေါ် ပီတာချက်က ကာကွယ်ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ မာတီနက်ဇ်ကိုရောင်းချခဲ့တာဖြစ်ပြီး အဲ့ကတည်းက အာဂျင်တိုင်းသားဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။ မာတီနက်ဇ်တစ်ယောက် အာဆင်နယ်အတွက် စီနီယာကစားသမားဘ၀ ၃၈ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့ပြီး မတူညီတဲ့အသင်း ၆ သင်းမှာ အငှားထွက်ကစားခဲ့ရပါတယ်။
အဲ့နောက် ၂၀၂၀ မှာ မာတီနက်ဇ်ကို ဗီလာအသင်းထံရောင်းချခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲကတစ်ဦးဖြစ်လာခဲ့ပါတယ်။ မာတီနက်ဇ်ဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ရာသီအတွင်းမှာ လက်စွမ်းကောင်းတွေပြသနိုင်ခဲ့ပြီး ဗီလာအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသက် ၃၂ နှစ်သားဟာ နိုင်ငံအသင်းနဲ့အတူ ၂၀၂၂ တုန်းက ကမ္ဘာ့ဖလားရယူနိုင်ခဲ့သလို ကိုပါအမေရိဖလား ၂ ကြိမ်ရယူနိုင်အောင်လည်း ကူညီပေးနိုင်ခဲ့ပါတယ်။
အဆိုပါစွမ်းဆောင်ရည်တွေကြောင့် မာတီနက်ဇ်တစ်ယောက် တတိယအကြိမ်မြောက် ရွှေလက်အိတ်ဆုကို ရယူနိုင်ခဲ့သလို ဖီဖာအကောင်းဆုံးဂိုးသမားဆုအပြင် ယာရှင်ဆု ၂ ခုကိုပါရယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပီတာချက်ကတော့ ကစားသမားအနေနဲ့ နောက်တစ်ဆင့်တက်ဖို့ အာဆင်နယ်ကနေထွက်ခွာဖို့ လိုအပ်ခဲ့တာလို့ ထောက်ပြခဲ့ပါတယ်။
“သူ့ရဲ့အရည်အချင်းတွေကို ခင်ဗျားအမြဲတမ်းမြင်နိုင်ပါတယ်။ ဒါပေမယ့် အာဆင်နယ်မှာလည်း သူအများကြီးလုပ်ပြခဲ့ပါတယ်။ သူ့အတွက် မှန်ကန်တဲ့လမ်းကြောင်းတစ်ခု မတွေ့ခင်အထိတော့ မဟုတ်ခဲ့ပါဘူး။ သူက တိုးတက်ချင်သလို နောက်တစ်ဆင့်တက်ချင်နေပါတယ်”လို့ ပီတာချက်က ပြောကြားခဲ့ပါတယ်။ ဝီလ်ဂန်ဂိုးသမားဟောင်း ဂျက်ဆီကလည်း မာတီနက်ဇ်ဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဂိုးသမားတွေထဲကတစ်ဦးဖြစ်တယ်လို့ ထောက်ပြခဲ့ပြီး အာဆင်နယ်ရဲ့ဆုံးဖြတ်ချက်ကို ကာကွယ်ပြောကြားခဲ့ပါတယ်။
“ကျွန်တော့်အတွက် ပရီးမီးယားလိဂ်အကောင်းဆုံးဂိုးသမားနာမည်ကိုပြောရတာ ခက်ခဲပါတယ်။ ကျွန်တော် ၂ ဦးကိုတော့ ရွေးချယ်ချင်ပါတယ်။ တစ်ဦးက အလီဆင်ဖြစ်ပြီး နောက်တစ်ဦးက မာတီနက်ဇ်ပါ။ ကျွန်တော်က အလီဆင်ရဲ့အမာခံပရိသတ်ပါ။ သူက ဂိုးပေါက်ရှေ့မှာ သားရဲတစ်ဦးလိုပါပဲ။ အရိုးသားဆုံးပြောရရင် သူက လျင်မြန်မှုနည်းပါးသလို ထူးခြားတာလည်း မရှိပါဘူး။
ဒါပေမယ့် သူ့ရဲ့ရွှေ့လျားမှုတွေက တကယ်ကောင်းပါတယ်။ ပြီးတော့ ကောင်းမွန်တဲ့ကာကွယ်မှုလည်း လုပ်ပြနိုင်ပါတယ်။ နောက်တစ်ယောက်က မာတီနက်ဇ်ပါ။ အာဆင်နယ်ကနေ ဗီလာကိုပြောင်းလိုက်တာက သူ့အတွက် ဘယ်လောက်တောင်ကောင်းတဲ့အပြောင်းအရွှေ့လည်းဗျာ။ အဲ့ကတည်းက ဗီလာမှာ အောင်မြင်ခဲ့သလို နိုင်ငံအသင်းနဲ့လည်း အောင်မြင်ခဲ့ပါတယ်။ ကျွန်တော် သူ့ကို တော်တော်လေးသဘောကျပါတယ်။ သူက ကြီးမားသလို လျင်မြန်ပြီး ဘောလုံးနဲ့အတူဆိုရင် အရမ်းကောင်းတဲ့ကစားသမားပါ။ သူ့မှာ အရာအားလုံးရရှိနေပါတယ်။ ဂိုးဧရိယာထဲမှာ ညွှန်ကြားတာကို ကျွန်တော် သဘောကျပါတယ်။ လူငယ်ဂိုးသမားတွေအတွက်တော့ သူက နမူနာကောင်းတစ်ဦးပါ”လို့ ဂျက်ဆီကပြောကြားခဲ့ပါတယ်။ မာတီနက်ဇ်ဟာ ဒီရာသီဗီလာအသင်းကို ရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်အောင် ကူညီပေးထားနိုင်ခဲ့ပါတယ်။