အဲဗာတန်နဲ့ပွဲစဉ်မှာ ဦးနှောက်ပိုင်းနဲ့သက်ဆိုင်တဲ့ ဒဏ်ရာရရှိသွားတဲ့ ချဲလ်ဆီးဂိုးသမားမာတီနက်ဇ်
အဲဗာတန်ကို အနိုင်ရရှိခဲ့တဲ့ ချဲလ်ဆီးရဲ့ စနေနေ့ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ဇာဘီအလွန်ဆိုက ပြိုင်ဘက်နောက်ခံလူဘရန့်ဝိတ်နဲ့ ခေါင်းချင်းယှဉ်တိုက်မိခဲ့တဲ့ ဂိုးသမားမာတီနက်ဇ်ကို ကြိုတင်ကာကွယ်မှုဆိုင်ရာစစ်ဆေးမှုတွေ ပြုလုပ်နိုင်ဖို့ ဆေးရုံပို့ဆောင်လိုက်ရတယ်လို့ ပြောကြားခဲ့ပါတယ်။
ဟေးလ်ဒစ်ကင်ဆန်ကွင်းပွဲစဉ်မှာ အဲဗာတန်ရဲ့ ပရီးမီးယားလိဂ်ရာသီအစ ရှုံးပွဲမရှိမှတ်တမ်းကောင်းကို နက်တိုရဲ့သွင်းဂိုးနှစ်ဂိုးနဲ့အတူ အဆုံးသတ်စေခဲ့ပေမဲ့ ဒုတိယပိုင်းပွဲချိန်အတွင်း ဒဏ်ရာပြသနာကြောင့် အချိန်အတော်ကြာ ပွဲစဉ်ရပ်ဆိုင်းထားရမှုက ချဲလ်ဆီးရဲ့အဖိုးတန်နိုင်ပွဲကို အုပ်စိုးသွားခဲ့ပါတယ်။
အဲဗာတန်ကွင်းလယ်လူဒျူဘူရီဟောလ်ရဲ့ပြစ်ဒဏ်ဘောကန်တင်ပေးပို့ချိန် မာတီနက်ဇ်နဲ့ ဘရန့်ဝိတ်တို့ အပြင်းအထန်တိုက်မိခဲ့ပြီး အဲဗာတန်နောက်ခံလူ ပြန်လည်ထူထောင်လာနိုင်ပေမဲ့ အာဂျင်တီးနားဂိုးသမားကိုတော့ အရေးပေါ်ဆေးဘက်ဆိုင်ရာအဖွဲ့ကိုယ်တိုင် ကုသပေးခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ အသက် ၃၄ နှစ်အရွယ်ဂိုးသမားကို လူနာတင်ခုံပေါ် စနစ်တကျတင်ပို့ကာ ကွင်းပြင်ပ၊ ဆေးရုံဆီ သယ်ဆောင်သွားခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြ ဇာဘီအလွန်ဆိုက "ဒါ ဦးနှောက်လှုပ်ခါဒဏ်ရာ ဖြစ်ပေမဲ့ အဲဒီထက်ပိုပြီးတော့ ကျွန်တော် မသိသေးပါဘူး။ ဒီဖြစ်ရပ်ရဲ့ရုပ်သံဖိုင်အတိုလေးတစ်ခုပဲ ကြည့်ရသေးလို့ ကျွန်တော်တို့ စောင့်ကြည်ဖို့ လိုပါတယ်။ ကျွန်တော်တို့ သိထားတဲ့အချက်ကတော့ ကွင်းထဲမှထွက်ခွာချိန်အထိ မာတီနက် သတိရှိနေသေးပြီး အခုလောလောဆယ် ဆေးရုံမှာ ကြိုတင်ကာကွယ်မှုဆိုင်ရာ စစ်ဆေးမှုတွေ လုပ်နေတယ် ဆိုတာပါပဲ။ စောင့်ကြည့်ရပါလိမ့်မယ်။ အရမ်းကြီးမဆိုးရွားဖို့တော့ မျှော်လင့်ပါတယ်" လို့ ပြောပါတယ်။
မာတီနက်ဇ်ရဲ့ဒဏ်ရာကြောင့် အလွန်ဆိုက မိုက်ပန်ဒါစ်ကို ပရီးမီးယားလိဂ်ပွဲဦးထွက်ကစားခွင့် ပေးအပ်လိုက်ပါတယ်။ အသက် ၂၁ နှစ်အရွယ်ဂိုးသမားက ပြီးခဲ့တဲ့ဇန်နဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ် Clean sheet ရရှိအောင် ကူညီပေးခဲ့ပါတယ်။
ဦးနှောက်လှုပ်ခါမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်တွေကြောင့် မာတီနက်ဇ်ကို လေ့ကျင့်ရေးကွင်းမှာ ချက်ချင်းပြန်မမြင်တွေ့ရနိုင်သေးလို့ ဘယ်လ်ဂျီယံလူငယ်လက်ရွေးစင်က ချဲလ်ဆီးဂိုးပေါက်ကို ကာလတို တာဝန်ယူသွားဖွယ် ရှိပါတယ်။
ချဲလ်ဆီးက လာမယ့်တနင်္ဂနွေနေ့၊ စတမ်းဖို့ဒ်ဘရစ်ချ်မှာ တော့တင့်ဟမ်ကို ဧည့်ခံကစားရဖို့ရှိသလို အောက်တိုဘာ ၂၈ ရက်မှာတာ့ လီဗာပူးနဲ့ လိဂ်ဖလားစတုတ္ထအဆင့်အဝေးကွင်းပွဲစဉ် ဆင်နွှဲသွားရပါမယ်။ ဒီနောက်သုံးရက်အကြာမှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ကစားရပါမယ်။
အလွန်ဆိုက "မိုက်ပန်ဒါစ်ဆိုတာ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်တဲ့ ကစားသမားပါ။ သူက သတ္တိရှိသလို သူ့အပေါ်မှာလည်း ကျွန်တော်တို့ ယုံကြည်မှုအပြည့်အ၀ ရှိပါတယ်။ သူ ကောင်းကောင်း လုပ်ပြနိုင်ခဲ့ပါတယ်"
"သူက ရှုံးထွက်ဖလားပွဲစဉ်တွေမှာ ကစားခဲ့ဖူးပြီး လိုအပ်လာချိန်တိုင်း အခြားကစားသမားတွေလိုပဲ အကောင်းဆုံးစွမ်းဆောင်နိုင်ပါတယ်"
"ဒါက အသင်းတစ်ခုလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စပါ။ ကစားသမားအားလုံး ကိုယ့်ကိုယ်ကိုယ် အရေးပါတယ်လို့ ခံစားရပြီး လိုအပ်လာချိန်တိုင်း အစွမ်းပြခွင့်ရရှိတယ်ဆိုတာ အလွန်ကောင်းမွန်တဲ့အချက် ဖြစ်ပါတယ်" လို့ ဆိုပါတယ်။