The network connection is lost.

Banner Image

၇ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီဈေးကွက်အတွက် ပြင်ဆင်နေတဲ့ ဂွါဒီယိုလာ

ပြီးခဲ့တဲ့ ၂နှစ်တာကာလအတွင်း ကစားသမားအပြောင်းအရွှေ့အတွက် ပေါင်သန်း ၂၅၀ ကျော် သုံးစွဲခဲ့ပြီးနောက် ဂွါဒီယိုလာဟာ ကွက်ရွှေ့ဖို့ ပြင်ဆင်နေပြီလည်းဖြစ်ပါတယ်။ နယူးကာဆယ်ကွင်းလယ်ကစားသမား ဂူမာရေးစ်နှင့် တစ်နိုင်ငံတည်းသား ရီးရဲလ်ဆိုစီဒက်စ်က ဇူဘီမန်ဒီတို့ဟာ ရိုဒရီဒဏ်ရာရရှိသွားပြီးနောက်မှာတော့ မန်စီးတီးရဲ့ရေဒါထဲမှာ ရှိနေကြသူတွေဖြစ်ပါတယ်။

နောက်ဆုံး ၁၀ ပွဲတွင် ၇ ပွဲရှုံးနိမ့်ထားတဲ့ မန်စီးတီးဟာ ရက်သတ္တပတ် ၆ ပတ်အတွင်း ဒဏ်ရာရ ကစားသမားတွေ များလာတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ ဈေးကွက်မှာ ကစားသမားသစ်ရှာဖွေနေပြီး လက်ရှိရာသီကို ထိန်းသိမ်းနိုင်ဖို့အတွက် လာမယ့်လဈေးကွက်ဖွင့်လှစ်ချိန်တွင် ခေါ်ယူမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဆောင်းရာသီဈေးကွက်မှာ ထိပ်တန်းကစားသမားခေါ်ယူဖို့ဆိုတာက ခက်ခဲတယ်ဆိုတာ မန်စီးတီးက နားလည်ထားပြီး ၂၀၁၈ ခုနှစ်တွင် လာပေါ်တေးကို ခေါ်ယူပြီးကတည်းက ဇန်နဝါရီတွင် ကစားသမားသစ်ခေါ်ယူခဲ့ခြင်း မရှိခဲ့တာဖြစ်ပါတယ်။ သင့်တော်တဲ့ဈေးနဲ့ ကစားသမားသာ ရရှိခဲ့မယ်ဆိုပါက ဂွါဒီယိုလာက ခေါ်ယူမှုပြုလုပ်သွားနိုင်ပါတယ်။

ဂူမာရေးစ်ဟာ မန်စီးတီးသို့ ပြောင်းရွှေ့လိုနေသော်လည်း နယူးကာဆယ်ကတော့ ဒီလိုရာသီဝက်မှာ အသင်းမပြောင်းဖို့အတွက် ဘရာဇီးသားကို စည်းရုံးထားမှာ သေချာပါတဘ်။ နွေရာသီတုန်းက ပေါင်သန်း ၁၀၀ သတ်မှတ်ခြင်းခံခဲ့ရတဲ့ ဂူမာရေးစ်ဟာ လက်ရှိရာသီခြေစွမ်းကြောင့် ဈေးများတယ်လို့ မန်စီးတီးဘက်က စဉ်းစားနိုင်ပါတယ်။

ဒီနှစ်အစောပိုင်းမှာ ဇူဘီမန်ဒီဟာ လီဗာပူးရဲ့ ပစ်မှတ်ဖြစ်ခဲ့ပေမယ့် စပိန်မှာသာ ဆက်နေခဲ့တာဖြစ်ပါတယ်။ ပွဲစဉ်တွေများစွာ ကစားရဖို့ရှိနေတာကြောင့် အီသီဟက်က အကြီးအကဲတွေကလည်း အပြောင်းအရွှေ့အတွက် ကြိုးစားစီစဉ်နေကြပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ ချန်ပီယံလိဂ်မှာ ရလဒ်ဆိုးနေတာကြောင့် မန်စီးတီးဟာ ပေါင် ၆ သန်းလောက် နစ်နာဆုံးရှုံးလိုက်ရပါတဘ်။ နှစ်သစ်ကူးမှာ ၁၆ သင်း ရှုံးထွက်အဆင့်သို့ မတက်ရောက်နိုင်ပါက နောက်ထပ် ပေါင် ၉ သန်း ဆုံးရှုံးရဖွယ်ရှိနေပါတယ်။ အသစ်ချမှတ်ထားတဲ့ စည်းမျဉ်းအရ အနိုင်ရရှိမယ်ဆိုရင် ပေါင် ၁.၇ သန်း သရေကျမယ်ဆိုရင် ပေါင် ၆ သိန်း ရရှိမှာဖြစ်ပါတယ်။

ပြိုင်ဘက်လီဗာပူးက လက်ရှိမှာ ဦးဆောင်နေပြီး ၆ ပွဲစလုံးကို အနိုင်ရရှိထားတာကြောင့် ဆုကြေးအများဆုံးဖြစ်နေတာ ဖြစ်ပါတယ်။ မန်စီးတီးကတော့ စလိုဗန်ဘာတီဆယ်ဗာနှင့် စပါတာပါရာဂွီးတို့နှင့် ၂ ပွဲကိုသာ အနိုင်ရရှိထားတာပါ။ သူတို့ဟာ အင်တာမီလန်၊ ဖီယင်နုတို့နှင့် သရေကျခဲ့ပြီး စပို့တင်းနှင့် ဂျူဗင်တပ်စ်တို့ကို ရှုံးနိမ့်ထားပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ် ဂွါဒီယိုလာရဲ့လက်အောက်မှာ မန်စီးတီးဟာ အုပ်စုအဆင့်ကို အသာလေးကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အဆင့် ၂၂ မှာ ရှိနေပြီး ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ရေး လာမယ့် ၂ ပွဲမှာ အမှတ်လိုနေတာဖြစ်ပါတယ်။