စာချုပ်သစ်ကိစ္စဆွေးနွေးမှုတွေအတွက် အဆင်သင့်ဖြစ်နေပြီလို့ အရိပ်အမြွက်ပြောလာတဲ့ ပက်ဂွါဒီယိုလာ
မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက စာချုပ်သစ်အတွက် လက်မှတ်ရေးထိုးဖို့ အဆင်သင့်ဖြစ်နေပြီလို့ အရိပ်အမြွက်ဖွင့်ဟပြောကြားလိုက်ပါတယ်။
ပက်ဂွါဒီယိုလာရဲ့စာချုပ်သက်တမ်းက နောက်ဆုံးနှစ်ဆီ ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး မန်စီးတီးအနေဖြင့် သူတို့ရဲ့နည်းပြကို နောက်ထပ် ၁၂ လသက်တမ်းဆက်ရှိနေစေရန် စိတ်အားထက်သန်နေပါတယ်။ နယူးယောက်မြို့ဆီ ရောက်ရှိနေတဲ့ ပက်ဂွါဒီယိုလာကို နည်းပြဘဝအနာဂတ်အတွက် မေးမြန်းချိန် လက်ရှိအလုပ်မှာ ပျော်ရွှင်နေပါတယ်လို့ ဖြေကြားခဲ့ပါတယ်။
ပက်က “ကိုယ်ကြိုက်တာ ကိုယ်လုပ်နေရရင် ဘာကြောင့်ရပ်တန့်ပစ်လိုက်ရမှာလဲ? သူတို့တွေ ကျွန်တော့်ကို ခေါ်ယူလိုက်ချိန်မှစပြီး အခုလက်ရှိအချိန်အထိကို ကျွန်တော် အတော်လေးကြိုက်ပါတယ်။ ဒါကြောင့် ရှေ့ဆက်သွားကြပါစို့”လို့ ပြောပါတယ်။
မန်စီးတီးက လာမယ့်တနင်္ဂနွေနေ့နံနက်ပိုင်း၊ Yankee Stadium မှာ အေစီမီလန်နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရပါမယ်။