The network connection is lost.

Banner Image

ပလိုင်းမောက်နဲ့ အက်ဖ်အေဖလားပွဲစဉ်မတိုင်ခင် ဝါရင့်ကစားသမားတွေကို အားကိုးနေတဲ့ ပက်ဂွါဒီယိုလာ

မန်စီးတီးအသင်းပြန်လည်တည်ဆောက်မှုမှာ ဝါရင့်ကစားသမားတွေကို အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ထည့်သွင်းထားပြီး ကံမကောင်းအကြောင်းမလှတဲ့ ဘောလုံးရာသီတစ်ခုအတွင်း ဂုဏ်သိက္ခာကျဆင်းမှုတွေကို အဖတ်ဆယ်နိုင်ဖို့ ကြိုးစားနေပါတယ်လို့ ပက်ဂွါဒီယိုလာက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဆုကို မကာကွယ်နိုင်တော့သလို ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း နှုတ်ဆက်ခဲ့ရပြီးနောက် မန်စီးတီးက အခုရာသီဆုဖလားအောင်မြင်မှုအတွက် အက်ဖ်အေဖလားပြိုင်ပွဲကိုပဲ အာရုံစိုက်သွားရပါမယ်။ ပက်ဂွါဒီယိုလာရဲ့အသင်းက  ဒီညမှာတော့ အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်အဖြစ် ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်ကို ဧည့်ခံကစားရပါမယ်။
နောက်ဆုံးပရီးမီးယားလိဂ်ဘောလုံးရာသီခုနစ်ခုမှာ ခြောက်ကြိမ်တိုင် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့ အသက်အရွယ်ကြီးရင့်နေသော အသင်းလူစာရင်းကို ပြန်လည်နုပျိုလာစေဖို့ လုပ်ဆောင်ရေး နှောင့်နှေးနေခြင်းအတွက်လည်း ဝေဖန်မှုတွေနဲ့ မန်စီးတီးအသင်း ရင်ဆိုင်နေရပါတယ်။

အဓိကကစားသမားတွေရဲ့ ပုံစံကောင်းပျောက်ဆုံးမှု၊ ဒဏ်ရာပြဿနာတွေကြောင့် လိုအပ်တဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေအတွက် မန်စီးတီးအသင်းက ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အိုမာမာမွတ်ရှ်၊ ခူဆာနော့ဗ်၊ နီကိုဂွန်ဇာလက်ဇ်နဲ့ ဗစ်တာရီးစ်တို့လို ကစားသမားသစ်လေးဦးကို ခေါ်ယူခဲ့ပါတယ်။

ဒါပေမယ့် သောကြာနေ့သတင်းစာရှင်းလင်းပွဲမှာတော့ ပက်ဂွါဒီယိုလာက သူ့ရဲ့ဝါရင့်ကစားသမားတွေဟာ လာမယ့်ဘောလုံးရာသီမှာ အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ဆက်ရှိနေလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ပက်ဂွါဒီယိုလာက “ အသက် ၃၀ ကျော်ကစားသမားတွေလည်း ရှိနေပြီး ဒီကစားသမားတွေက ကလပ်အသင်းအနာဂတ်ရဲ့အစိတ်အပိုင်းတစ်ရပ် ဖြစ်လာပါလိမ့်မယ်။

ဒီဘရိုင်းမှလွဲလို့ပေါ့။ အနာဂတ်အတွက် ဒီဘရိုင်းနဲ့ ကလပ်အသင်းတို့ ဆုံးဖြတ်သွားပါလိမ့်မယ်။ အခြားသူတွေကတော့ စာချုပ်သက်တမ်းရှိနေသေးပြီး လာမယ့်ဘောလုံးရာသီအတွက် သူတို့တွေ ဆက်ရှိနေဖို့ မျှော်လင့်မိပါတယ်။ ကစားသမားသစ်တွေ သို့မဟုတ် ကစားသမားဟောင်းတွေနဲ့ပဲ အလုပ်ဆက်လုပ်သွားလို့ မရပါဘူး။ ကျွန်တော်တို့ အတူတကွ လုပ်ဆောင်သွားရပါမယ်။ ဒါက ရာသီကုန်အတွက်ရော၊ နောက်ဘောလုံးရာသီအတွက်ပါ အထူးအရေးကြီးပါတယ်။

ဂမ်ဒိုဂန် (၃၄ နှစ်)ကိုလည်း ကျွန်တော်ထည့်သွင်းစဉ်းစားပါတယ်။ ဘာနာဒိုဆေးလ်ဗား (၃၀ နှစ်)ကိုလည်း ထည့်သွင်းစဉ်းစားပါတယ်။ စာချုပ်သက်တမ်းရှိနေသေးမယ့် ကစားသမားတွေအားလုံးကို ကျွန်တော် ထည့်သွင်းစဉ်းစားပါတယ်။ သူတို့တွေ ဒီကလပ်အသင်းမှာ ရှိနေပါမယ်။ ဒါကို သံသယမရှိလိုက်ပါနဲ့”လို့ ပြောပါတယ်။ အက်ဖ်အေဖလားဗိုလ်လုပွဲသုံးကြိမ်ဆက်တက်ရောက်နိုင်ရေး ကြိုးပမ်းနေတဲ့ ပက်ဂွါဒီယိုလာက ဒီညပွဲစဉ်ပြိုင်ဘက်ဖြစ်တဲ့ ပလိုင်းမောက်ကို ပေါ့ပေါ့တန်တန်သဘောထားဖို့ ငြင်းဆန်ခဲ့ပါတယ်။

ချန်ပီယံရှစ်တန်းဆင်းဇုန်ထဲမှာ ကျရောက်နေတဲ့ တောင်ဘက်ကမ်းရိုးတန်းဒေသအခြေစိုက်ကလပ်အသင်းက အက်ဖ်အေဖလားစတုတ္ထအဆင့်မှာ ပရီမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူလီဗာပူးကို အနိုင်ယူကျော်ဖြတ်ပြခဲ့ပါတယ်။ ပက်ဂွါဒီယိုလာက “ အက်ဖ်အေဖလားမှာရော၊ ကာရာဘောင်းဖလားမှာပါ ကျွန်တော်တို့တွေ အောက်တန်းလိဂ်ကလပ်အသင်းတွေနဲ့ အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ဖူးပါတယ်။ အမြဲတမ်းလိုလို သူတို့တွေက ကျွန်တော်တို့ကို အခက်တွေ့အောင် လုပ်ဆောင်ခဲ့ပါတယ်။

ဒီအသင်းတွေက သူတို့လုပ်ရမယ့်အလုပ်ကို အကောင်းဆုံးလုပ်ပါတယ်။ အဆင်သင့်မဖြစ်နေရင်တော့ အခက်တွေ့ဖို့သာ ပြင်ပေတော့ပဲ။ ကျွန်တော်တို့တွေ အက်ဖ်အေဖလားကွာတားဖိုင်နယ်ဆီ တက်ရောက်ဖို့ အခွင့်အလမ်းတစ်ခု ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့ ဒီအခွင့်အလမ်းကို အမိအရအသုံးချချင်ပါတယ်”လို့ ဆိုပါတယ်။