The network connection is lost.

Banner Image

ခက်ခဲလှတဲ့ ကမ္ဘာ့ဖလားခရီးစဉ်အပြီး မိုင်နူး အကောင်းဆုံးပြန်လာနိုင်မယ်လို့ သရဲနီနည်းပြကာရစ် ယုံကြည်နေ

မန်ချက်စတာယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်က ခက်ခဲလှတဲ့ ကမ္ဘာ့ဖလားခရီးစဉ်အပြီး ကွင်းလယ်ကစားသမားမိုင်နူး အကောင်းဆုံးပြန်လာနိုင်မယ်လို့ အားပေးလိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ်ကစားသမားအတွက်တော့ ကာရစ်ရောက်ရှိလာမှုက အပြောင်းအလဲတစ်ခု ဖြစ်ခဲ့ပါတယ်။ ယခင်နည်းပြဟောင်း အာမိုရင်လက်အောက်မှာ အပယ်ခံတစ်ဦးလိုဖြစ်ခဲ့တဲ့ မိုင်နူးကို ကာရစ်က အသင်းလူစာရင်းဆီ ပြန်လည်ခေါ်ယူခဲ့ပါတယ်။

သရဲနီအကယ်ဒမီထွက် မိုင်နူးအတွက် ပွဲကစားခွင့်ရရှိစေဖို့ ငယ်ဘ၀ကလပ်အသင်းမှ ထွက်ခွာဖို့အထိတောင် စဉ်းစားခဲ့ရတဲ့ အခြေအနေမျိုးကို ကြုံတွေ့ခဲ့ရပါတယ်။

ကာရစ်လက်အောက်မှာတော့ မိုင်နူးက ၁၆ ပွဲကစားရာမှာ ၁၄ ပွဲကို ပွဲချိန်ပြည့် ပါဝင်ခဲ့သလို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်အသင်းမှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။

လက်ရွေးစင်အသင်းမှာ ပြန်ပါလာခဲ့ပေမဲ့ မိုင်နူးက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲကစားချိန် လုံး၀ မရရှိခဲ့ပါဘူး။ တကယ်တော့ အင်္ဂလန်အသင်းအတွက် ဘောလုံးသယ်ယူထိုးဖောက်ဖို့ ခက်ခဲနေချိန်မျိုးမှာ မိုင်နူးလိုကစားသမားမျိုး လိုအပ်နေခဲ့ပါတယ်။

"ကမ္ဘာ့ဖလားပြိုင်ပွဲတလျှောက်လုံး မိုင်နူးနဲ့ ကျွန်တော် စကားပြောဖြစ်ပါတယ်။ အများကြီးတော့ မဟုတ်ဘူးပေါ့။ အဆက်အသွယ် နည်းနည်းပါးပါး ရှိပါတယ်" လို့ ကာရစ်က BBC Sport ကို ပြောပါတယ်။

"ဒါက စိန်ခေါ်မှုတစ်ခုပါပဲ။ အပြင်ဘက်မှ ကြည့်ရင်တော့ ကျွန်တော်တို့အားလုံးက ဘောလုံးလောကရဲ့ လှပတောက်ပတဲ့ အပိုင်းတွေနဲ့ ကောင်းကွက်တွေကိုပဲ မြင်ကြပါလိမ့်မယ်"

"ဒါပေမဲ့ ကစားသမားတွေဆိုတာလည်း လူသားတွေပါပဲ။ ကျွန်တော်တို့အားလုံးမှာ အနိမ့်အမြင့်အတက်အကျတွေ ရှိပါတယ်။ တစ်ဦးနဲ့တစ်ဦးဝန်းရံပေးဖို့ အလွန်အရေးကြီးပါတယ်"

"မိုင်နူးအတွက်တော့ အတွေ့အကြုံကောင်းတစ်ခုပါ။ ကမ္ဘာ့ဖလားဆိုတာ ခြေလှမ်းသစ် တစ်ရပ်လည်း ဖြစ်ပါတယ်"

"သူက အသက်အရမ်းငယ်သေးပေမဲ့ အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေ လျှင်လျှင်မြန်မြန် ရရှိခဲ့ပါတယ်။ အခုလို အဆင့်တစ်ခုဆီ ရောက်ရှိနေတယ်ဆိုတာက သူ့အတွက်တော့ အောင်မြင်မှုတစ်ခုပါပဲ" လို့ ကာရစ်က ဆိုပါတယ်။