ချဲလ်ဆီးအသင်းက အငှားခေါ်ယူမယ်ဆိုတဲ့သတင်းတွေအပေါ် တုံ့ပြန်လိုက်တဲ့ အိုဆီမင်ရဲ့အေးဂျင့်
သတင်းတွေအရ နာပိုလီတိုက်စစ်မှူး အိုဆီမင်တစ်ယောက် လူကာကူအပြောင်းအရွှေ့ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်မယ်လို့ ထွက်ပေါ်လာခဲ့ပြီးနောက် အိုဆီမင်ရဲ့အေးဂျင့်က အဆိုပါသတင်းတွေကို တုံ့ပြန်လိုက်ပါတယ်။
နာပိုလီဟာ အခုနွေရာသီမှာ အိုဆီမင်ကို ထွက်ခွာခွင့်ပြုထားပေမယ့် နာပိုလီဥက္ကဌ ဒီလော်ရန်တစ်က နိုင်ဂျီးရီးယားသားအတွက် ပေါင်သန်း ၁၁၀ လောက်အလိုရှိနေပါတယ်။ အိုဆီမင်ကို ချဲလ်ဆီး၊ အာဆင်နယ်နဲ့ ပီအက်စ်ဂျီတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် နာပိုလီတောင်းဆိုတဲ့တန်ကြေးကြောင့် လက်ရှောင်နေကြပါတယ်။
နာပိုလီဘက်ကက အိုဆီမင်ဆီကနေ ရရှိတဲ့ပြောင်းရွှေ့ကြေးနဲ့ လူကာကူအပါအဝင် အခြားကစားသမားတွေကို ပြန်လည်ခေါ်ယူဖို့ လုပ်ဆောင်မှာဖြစ်ပါတယ်။ အင်္ဂါနေ့က ထွက်ပေါ်လာတဲ့သတင်းတွေအရ ချဲလ်ဆီးနဲ့ နာပိုလီတို့ဟာ လူကာကူ ၊ အိုဆီမင်တို့ကြား အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးနေတယ်လို့ သိရပြီး အိုဆီမင်ကို ချဲလ်ဆီးဘက်က ကနဦးအငှား + အပြီးသတ်ခေါ်ယူခွင့်နဲ့ ခေါ်ယူချင်နေပါတယ်။ ဒါပေမယ့်လည်း အိုဆီမင်ရဲ့တာဝန်ရှိသူ ရောဘတ်တိုကတော့ သူ့ရဲ့ကစားသမားဟာ တန်ကြေးထက်ဝက်နဲ့ထွက်ခွာမယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။
“ကျွန်တော် ဗစ်တာနဲ့ လူကာကူတို့ကြား အလဲအထပ်သဘောမျိုးလုပ်နိုင်တယ်ဆိုတဲ့သတင်းတွေကို ဖတ်ရပါတယ်။ ဒါပေမယ့် ဒီအခြေအနေက မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်ကစားသမားကို လေးစားမှုရှိပါ။ သတင်းအမှားတွေမထုတ်လွှင့်ပါနဲ့”လို့ ရောဘတ်တိုက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်တွေကတည်းက အိုဆီမင်ဟာ နာပိုလီ အသင်းရဲ့ရာသီကြိုခရီးစဉ်လူစာရင်းကနေ ချန်လှပ်ခံထားရတာဖြစ်ပါတယ်။ ပီအက်စ်ဂျီကလည်း အိုဆီမင်ကို ခေါ်ယူဖို့ ဆွေးနွေးနေပေမယ့် ညှိနှိုင်းမှုတွေက အဆင်မပြေတာကြောင့် ပျက်ပြယ်ခဲ့တယ်လို့ သိရပါတယ်။