အာဆင်နယ်စတားတစ်ဦးကို အငှားခေါ်ယူချင်နေတဲ့ နော်တင်ဟမ်ဖောရက်စ်
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ အာဆင်နယ်ဂိုးသမား အာရွန်ရမ်စ်ဒေးလ်ကို အငှားခေါ်ယူချင်နေတယ်လို့ သိရပါတယ်။
အသက် ၂၆ နှစ်သားဟာ ဒေးဗစ်ရာယာရောက်လာပြီးနောက် အရန်ခုံမှာသာ ထိုင်နေခဲ့ရပြီး ပွဲထွက်ခွင့်ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ရမ်စ်ဒေးလ်တစ်ယောက် ပြိုင်ပွဲစုံ ၁၁ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့ပြီး ရာယာက ပရီးမီးယားလိဂ်ကော ချန်ပီယံလိဂ်မှာပါ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။
သတင်းတွေအရ နော်တင်ဟမ်ဖောရက်စ်အသင်းဟာ အဆိုပါအခြေအနေကို အခွင့်ကောင်းယူပြီး အငှားခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်က ဘုန်းမောက်စတားဟောင်းအတွက် ပေါင်သန်း ၅၀ တောင်းဆိုနေပြီး နော်တင်ဟမ်ဘက်က အာဆင်နယ်တောင်းဆိုတဲ့တန်ကြေးမျိုးပေးချေနိုင်ခြင်းမရှိတာဖြစ်ပါတယ်။ အဲ့အစား နော်တင်ဟမ်ဘက်က အငှားနဲ့ ခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းမှာလည်း နေရာမရတာကြောင့် အင်္ဂလန်သားအနေနဲ့ အငှားထွက်ကစားနိုင်ချေများနေပါတယ်။ ဒါ့အပြင် နော်တင်ဟမ်က ပဲလေ့စ်ကထွက်ခွာမယ့် ဆမ်ဂျွန်စတုန်းကိုလည်း စိတ်ဝင်စားနေပါတယ်။ အသက် ၃၁ နှစ်သားကို ဝုဗ် ၊ ဆောက်သမ်တန် ၊ ဘုန်းမောက်နဲ့ လက်စတာတို့ကလည်း စိတ်ဝင်စားနေပါတယ်။
ဖောရက်စ်အနေနဲ့တော့ ဂျွန်စတုန်းကိုလွဲချော်ခဲ့ရင် ရမ်စ်ဒေးလ်ကို အစားထိုးခေါ်ယူလာနိုင်ချေရှိနေပါတယ်။ အာဆင်နယ်ကလည်း ရမ်စ်ဒေးလ်နေရာအတွက် အစားထိုးမယ့်ဂိုးသမားရှာဖွေနေပြီး ဝုဗ်ဂိုးသမား ဘန်တလေကို ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။
အသက် ၃၁ နှစ်သားဟာ ပရီးမီးယားလိဂ် ၅ ပွဲသာ ပါဝင်ခွင့်ရရှိထားပြီး အတွေ့အကြုံပြည့်ဝတာကြောင့် အာဆင်နယ်က ခေါ်ယူချင်နေပါတယ်။ အာဆင်နယ်ဟာ ရာယာအရန်အဖြစ် ဘန်တလေကို ပေါင် ၅ သောင်းနဲ့ကမ်းလှမ်းခဲ့ပေမယ့် ဝုဗ်ဘက်က ပယ်ချခဲ့တာဖြစ်ပါတယ်။