
ဟာလန်းနဲ့ ဝီလီယမ်တို့ကို ခေါ်ယူဖို့အစီအစဉ်မရှိတော့တဲ့ ဘာစီလိုနာ
ဘာစီလိုနာဥက္ကဌ ဂျိုအန်လာပေါ်တာက အသင်းဟာ ယခင်က မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်းဟာလန်းနဲ့ ဘီလ်ဘာအိုတောင်ပံကစားသမား နီကိုဝီလီယမ်တို့ကိုခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ယခုအခါမှာတော့ ကစားသမား ၂ ယောက်စလုံးကိုခေါ်ယူဖို့ အစီအစဉ်မရှိတော့ကြောင်း ပြောကြားလာခဲ့ပါတယ်။
လာပေါ်တာဟာ ဟာလန်းကိုခေါ်ယူဖို့ အသည်းအသန်ကြိုးစားခဲ့သေးပေမယ့် နော်ဝေးလက်ရွေးစင်ဟာ မကြာသေးမီကမှ မန်စီးတီးနဲ့ ကာလရှည်စာချုပ် ချုပ်ဆိုခဲ့တာကြောင့် ခေါ်ယူဖို့ မဖြစ်နိုင်တော့ဘူးလို့ ယူဆရပါတယ်။ ဟာလန်းကိုခေါ်ယူဖို့ မဖြစ်နိုင်တော့ကြောင်းကို လာပေါ်တာက "ဘဝမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆိုပေမယ့် ဒီတစ်ခုကတော့ အတော်လေးအခွင့်အရေးနည်းသွားပါပြီ။ ကျွန်တော်တို့ ဟာလန်းကို ခေါ်ယူဖို့ မဖြစ်နိုင်တော့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး လာပေါ်တာက အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက နီကိုဝီလီယမ်ကိုခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် ဒီနွေရာသီမှာတော့ ခေါ်ယူဖို့အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။ လာပေါ်တာက "နီကိုဝီလီယမ်က ပြီးခဲ့တဲ့နွေရာသီအတွင်း ကျွန်တော်တို့ရဲ့ ပစ်မှတ်ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီတုန်းက ကျွန်တော်တို့ အိုလ်မိုကိုပဲ ခေါ်ယူခဲ့ပြီး လောလောဆယ်မှာ နီကိုက အသင်းရဲ့ပစ်မှတ်ထဲမှာ မပါတော့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ယခုလာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာဟာ ဘယ်တောင်ပံကစားသမားတစ်ယောက်ခေါ်ယူဖို့ ရှာဖွေနေတယ်လို့သိရပြီး လီဝန်ဒေါစကီးနေရာမှာ ဆက်ခံသွားမယ့် တိုက်စစ်မှူးသစ်တစ်ဦးကိုလည်း ဆက်လက်ချိတ်ဆက်သွားဖွယ်ရှိပါတယ်။