The network connection is lost.

Banner Image

အယ်လ်ကလက်စီကိုမှာ အနိုင်ဂိုးသွင်းခဲ့တဲ့ ဘယ်လင်ဟမ်ကို အလွန်ဆိုချီးကျူး

ရီးရဲလ်မက်ဒရစ်နည်းပြဇာဘီအလွန်ဆိုက တနင်္ဂနွေနေ့ညက ဘာစီလိုနာကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာ အသင်းအတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ကွင်းလယ်ကြယ်ပွင့် ဂျုဒ်ဘယ်လင်ဟမ်ကို ချီးကျူးပြောဆိုလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ကြားရက်က ဂျူဗင်တပ်စ်ကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူပေးခဲ့တဲ့ ဘယ်လင်ဟမ်ဟာ ယခုအခါ အယ်လ်ကလက်စီကိုမှာလည်း အနိုင်ဂိုးကိုသွင်းယူပြီး အသင်းကို ၂ ပွဲဆက်ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟာ ယခုနှစ်ရာသီအစပိုင်းမှာတော့ ဒဏ်ရာပြဿနာတွေကြောင့် အသင်းရဲ့ပွဲစဉ်တွေကို အများအပြားလွဲချော်ထားခဲ့တာဖြစ်ပြီး အောက်တိုဘာလ အင်္ဂလန်အသင်းရဲ့လူစာရင်းမှာလည်း ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။ 

ယခုအခါမှာတော့ အလွန်ဆိုက "ကျွန်တော်တို့ ဘယ်လင်ဟမ်ရဲ့အရေးပါမှု ကို ပြီးခဲ့တဲ့အပတ်က ဂီတာဖေးနဲ့ပွဲ၊ ကြားရက်ကဂျူဗင်တပ်စ်နဲ့ပွဲတို့မှာ မြင်တွေ့ခဲ့ရပြီး အခု ဘာစီလိုနာနဲ့ပွဲမှာလည်း ဆက်လက်မြင်တွေ့ခဲ့ရပါတယ်။ ဒီ ၃ ပွဲစလုံးမှာ သူအရမ်းကောင်းခဲ့ပါတယ်"

"ကျွန်တော့်အနေနဲ့ သူပုံမှန်ခြေစွမ်းပြန်ရဖို့ အချိန်ပေးရမယ်ထင်ခဲ့ပေမယ့် အခုတော့ ကျွန်တော်ထင်ထားတာထက် သူက ပိုကောင်းလာခဲ့တာပါ။  ဘယ်လင်ဟမ်က အသင်းကောင်းလို့လိုက်ကောင်းတတ်တဲ့ကစားသမားမျိုးမဟုတ်ဘဲ တည်ငြိမ်တဲ့ခြေစွမ်းကိုထိန်းထားနိုင်တဲ့ကစားသမားမျိုးပါ" လို့ချီးကျူးပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ဂျူဗင်တပ်စ်နဲ့ပွဲစဉ်မှာ တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့တဲ့ ဘယ်လင်ဟမ်ဟာ ဧပြီလနောက်ပိုင်း ရီးရဲလ်မက်ဒရစ်အတွက် ဆန်တီယာဂိုဘာနေဗျူးမှာ ပထမဆုံးအကြိမ် ပြန်လည်ဂိုးသွင်းခဲ့ခြင်းလည်းဖြစ်ပါတယ်။  ယခုအခါ ဘာစီလိုနာကိုအနိုင်ရခဲ့ပြီဖြစ်လို့ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါအမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ၅ မှတ်ဖြတ်ဦးဆောင်ထားနိုင်ပြီလည်းဖြစ်ပါတယ်။ 

ဆက်လက်ပြီး အလွန်ဆိုက "ကျွန်တော်တို့အသင်းက အရမ်းစိတ်အားတက်ကြွနေပါတယ်။ ဒီပွဲက အနိုင် ၃ မှတ်အတွက်သာမက အဲဒီထက်ပိုအရေးကြီးတဲ့အရာတွေလည်းရှိလို့ အနိုင်ရခဲ့တာ တကယ်ကိုဝမ်းသာစရာပါ။ အယ်လ်ကလက်စီကိုလိုပွဲစဉ်မှာ နိုင်ပွဲရ‌အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ အသင်းရဲ့ကစားသမားတွေကို ချီးကျူးချင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဗင်နီစီးယက်စ်ဂျူနီယာဟာ ထိပ်တန်းခြေစွမ်းကိုပြသပြီး ဘာစီလိုနာနောက်တန်းကို အတော်လေးအလုပ်ရှုပ်ခဲ့ပေမယ့် အလွန်ဆိုက လူစားလဲခဲ့တာကြောင့် မေးခွန်းထုတ်မှုတွေရှိခဲ့ပါတယ်။ 
စပိန်သားနည်းပြက "ကျွန်တော့်အနေနဲ့ ဒီမှာအရေးကြီးတဲ့အရာအပေါ် အာရုံစူးစိုက်နေမှု ကို မဆုံးရှုံးချင်ပါဘူး။ ဗင်နီက အခြားကစားသမားတွေလိုပဲ ဒီပွဲမှာအရမ်းကောင်းခဲ့ပါတယ်။ ဒီနိုင်ပွဲက အရေးကြီးတဲ့ပွဲစဉ်ဖြစ်ပြီး ကြီးကျယ်ခမ်းနားတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။