
ဘီလ်ဘာအိုစတားကို လီဗာပူးမှာမြင်တွေ့ချင်နေတဲ့ ကာရေဂါ
လီဗာပူးအသင်းဂန္ထဝင်ဟောင်း ကာရေဂါက ဘီလ်ဘာအိုစတား နီကိုဝီလီယံကို အန်ဖီးလ်မြေမှာကစားတာမြင်တွေ့ချင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းတစ်သင်းတည်းမှာ ကစားသမားဘဝကိုဖြတ်သန်းခဲ့ပြီးနောက် ဘီလ်ဘာအိုမှာ ကာရေဂါတစ်ယောက်တစ်သင်းတည်းမှာကစားခဲ့တဲ့ဆုဖလားကိုရရှိခဲ့ပါတယ်။
အက်သလက်တစ်အသင်းပေးအပ်တဲ့ဆုကို လက်မခံခင် လီဗာပူးစတားဟောင်းက အသင်းဟောင်းအကျီနဲ့သူမြင်ချင်တဲ့ကစားသမားနာမည်ကို ပြောကြားခဲ့ပါတယ်။ အက်သလက်တစ်အသင်းက ဂီရိုနာအသင်းကို ၁-၁ သရေမကျခင်မှာ ကာရေဂါက အဆိုပါဆုကိုလက်ခံရရှိခဲ့ပါတယ်။
“ဒီညနေခင်းမှာ ဒီဆုကိုရယူနိုင်ခဲ့လို့ ဂုဏ်ယူမိပါတယ်။ အဲ့ဆုက ကျွန်တော့်အတွက် အဓိပ္ပာယ်အများကြီးရှိစေပါတယ်။ ကျွန်တော့်ဘဝမှာ လီဗာပူးအတွက် ၁၇ နှစ်လောက်ကစားခဲ့ရတာက ကြီးမားတဲ့အောင်မြင်မှုပါ”လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။
ကာရေဂါက အင်တာဗျူးမှာ လီဗာပူးမှာမြင်တွေ့ချင်တဲ့ အက်သလက်တစ်စတားတစ်ဦးနာမည်ကို ပြောကြားခဲ့ပြီး အဆိုပါစတားက နီကိုဝီလီယံဖြစ်နေပါတယ်။ “မှန်ပါတယ်။ လူတိုင်းလိုချင်တဲ့ကစားသမားဖြစ်တဲ့ နီကိုပါ။ နီကိုက အံ့ဖွယ်ကစားသမားပါ။ သူက အင်္ဂလန်နဲ့ယူရိုဖိုင်နယ်မှာ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ စပိန်က နိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော် သူ့ကိုလီဗာပူးအသင်းအကျီနဲ့မြင်ချင်ပါတယ်။ အဲ့တာကဖြစ်မလာသေးဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော်အဲ့တာကို စိတ်ကူးယဉ်ကြည့်ထားတာပါ”လို့ ကာရေဂါက ဖြေကြားခဲ့ပါတယ်။
အာဆင်နယ် နဲ့ ဘာစီလိုနာတို့ဟာ ဝီလီယံကိုခေါ်ယူဖို့ ချိတ်ဆက်ခဲ့သေးသလို လီဗာပူးထဲ အဆိုပါအသင်းတွေထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အခုနွေရာသီမှာ ဝီလီယံတစ်ယောက် ဘာစီလိုနာထံပြောင်းဖို့ နီးစပ်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ အက်သလက်တစ်နဲ့သာ ၁၀ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။အောက်တိုဘာနိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် လီဗာပူးအသင်း နဲ့ အက်သလက်တစ်တို့ ၃ ကြိမ်ထက်ပိုကစားရမှာဖြစ်ပြီး လီဗာပူးက ပဲလေ့စ် ၊ ဂါလာတာစာရေး ၊ ချဲလ်ဆီးတို့နဲ့ ကန်ရမှာဖြစ်ကာ ဘီလ်ဘာအိုက ဗီလာရီးရဲလ် ၊ ဒေါ့မွန် ၊ မာယော့ကာတို့နဲ့ ကန်ရမှာဖြစ်ပါတယ်။