The network connection is lost.

Banner Image

ရှက်ဖီးလ်ယူနိုက်တက်ကို အဝေးကွင်းမှာ ၈ ဂိုးပြတ် အနိုင်ယူပြီး မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့တဲ့ နယူးကာဆယ်

ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ရှက်ဖီးလ်ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ပွဲစဉ်မှာ ဧည့်သည် နယူးကာဆယ်က ၈ ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် လက်ရှိမှာ အိမ်ရှင်ရှက်ဖီးလ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အောက်ဆုံးသို့ ရောက်ရှိသွားခဲ့ပါတယ်။
 
အဆိုပွဲစဥ်ဟာ နယူးကာဆယ်အတွက် အကြီးမားဆုံး အဝေးကွင်းနိုင်ပွဲဖြစ်လာခဲ့တဲ့အပြင် မတူညီတဲ့ ကစားသမား ၈ ဦးက တစ်ဂိုးစီသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးပရီးမီးယားလိဂ် အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် နယူးကာဆယ်ဟာ လက်ရှိ အမှတ်ပေးဇယားရဲ့အဆင့် ၈ နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။
 
နှစ်ပေါင်း ၂၀ အတွင်း ပြန်လည်ကစားခွင့်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အေစီမီလန်နဲ့ ၀-၀ သရေကျခဲ့ပြီးနောက် နယူးကာဆယ်တို့ဟာ ပရီးမီးယားလိဂ်မှာ ပြန်လည်ပေါက်ကွဲခဲ့ပြီး ပထမပိုင်းမှာ ရှက်ဖီးလ်ကို ၀-၃ နဲ့သာဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ သမိုင်းဝင်နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
 
ပွဲအပြီးမှာ နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီက Sky Sports သို့ "ဒီနေ့မှာ ကျွန်တော်တို့ သွင်းဂိုးတွေ မျှဝေနိုင်ခဲ့ပါတယ်။ ပွဲအစကတည်းက ကျွန်တော်တို့ ပုံစံကောင်းရရှိခဲ့ပြီး သွင်းဂိုးတွေရရှိလာ‌ချိန်မှာတော့ ပိုပြီး ယုံကြည်မှုရှိလာခဲ့ပါတယ်။ ကျွန်တော်တို့မှာ ဂိုးသွင်းယူချင်စိတ်ရှိခဲ့တာက တကယ်အရေးကြီးတဲ့အရာပါ။ ဒါ‌ကြောင့် ၃ ဂိုးတည်းနဲ့ မကျေနပ်နိုင်ခဲ့ကြပါဘူး။ အသင်းရဲ့ သွင်းဂိုး ရယူလိုတဲ့စိတ်ဓာတ်ကို ဆက်လက်ထိန်းသိမ်းသွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။
 
ရှက်ဖီးလ်အသင်းကလည်း ၎င်းတို့ရဲ့ အမျိုးသမီးအသင်းမှ ကစားသမားတစ်ဦးဖြစ်တဲ့ အသက်-၂၇ နှစ်အရွယ် မက်ဒီကူဆက် သေဆုံးမှုကြောင့် ပွဲအစမှာ ၁ မိနစ်ခန့်ငြိမ်သက်ပြီး ဝမ်းနည်းကြောင်းထုတ်ဖော်ပြသကာ ကောင်းမွန်တဲ့ ခြေစွမ်းနဲ့ စတင်နိုင်ခဲ့ပေမယ့် ပွဲအပြီးမှာတော့ အကြီးအကျယ်ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
 
နယူးကာဆယ်အတွက် သွင်းဂိုးတွေကို ပထမပိုင်းမှာ လောင်းစတက်ဖ်(၂၁ မိနစ်)၊ ဘန်း(၃၁ မိနစ်)၊ နဲ့ ‌ဘော့မန်း(၃၅ မိနစ်) တို့က သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဝီဆင်(၅၆ မိနစ်)၊ ဂေါ်ဒွန်(၆၁ မိနစ်)၊ အယ်လ်မီရွန်(၆၈ မိနစ်)၊ ဂူမာရေးစ်(၇၃ မိနစ်)နဲ့ အီဆက်(၈၇ မိနစ်) တို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ သို့သော် ယခုပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကိုတော့ သွင်းဂိုးမရရှိခဲ့ပေမယ့် ဂိုးဖန်တီးမှု ၃ ကြိမ်အထိပြုလုပ်နိုင်ခဲ့တဲ့ အင်္ဂလန်ညာနောက်ခံလူ ထရစ်ပီးယားက ရရှိခဲ့ပါတယ်။
 
ပွဲအပြီးမှာ ရှက်ဖီးလ်အသင်းနည်းပြ ပေါလ်ဟက်ကင်ဘောတွန်က ယခုပွဲစဉ် ရှုံးနိမ့်မှုကနေ သင်ခန်းစာယူရမယ်လို့ ပြောကြားခဲ့ပါတယ်။ ၎င်းက "ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က စိတ်ပျက်စရာပါ။ ဒီမှာ ယှဉ်ပြိုင်ချင်တယ်ဆိုရင် ဒီလိုနောက်ကောက်ကျနေတဲ့ ပုံစံမျိုးရှိလို့မရပါဘူး။ ဒုတိယပိုင်းက ပိုစိတ်ပျက်ဖို့ကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ အမှားတွေကနေပဲ ဂိုးတွေဆက်တိုက်ခွင့်ပြုခဲ့ရတာပါ။ ဒီပွဲကနေ သင်ခန်းစာကောင်းကောင်းယူရပါမယ်။ ကျွန်တော်တို့အသင်းမှာ ကျွန်တော်မမြင်ဖူးတာတွေကို ဒုတိယပိုင်းမှာအများကြီးတွေ့မြင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီလိုပွဲမျိုးမှာမှာ တည်တည်ငြိမ်ငြိမ်နဲ့ ခေါင်းအေးအေးထားပြီး ကျော်ဖြတ်နိုင်ရပါမယ်"လို့ ပြောကြားခဲ့ပါတယ်။