The network connection is lost.

Banner Image

လာလီဂါဖိအားကို ရီးရဲလ်မက်ဒရစ်ကစားသမားသစ်တွေ ကိုင်တွယ်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့တဲ့ အလွန်ဆို

ရီးရဲလ်မက်ဒရစ်နည်းပြဇာဘီအလွန်ဆိုက အိမ်ကွင်းပရိသတ်ထုကြီးရှေ့မှောက်ကစားရတဲ့ လာလီဂါရာသီအဖွင့်ပွဲစဉ်မှာ အာနိုးလ်အပါအဝင် ကစားသမားသစ်တွေ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပြီး ဖိအားတွေကြောင့် လျော့တိလျော့ရဲဖြစ်နေပုံလည်း မပေါ်ပေါက်ခဲ့ဘူးလို့ ပြောကြားပါတယ်။

အိုဆာဆူနာကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ အခုပွဲစဉ်မှာ နောက်ခံလူတွေဖြစ်တဲ့ အာနိုးလ်၊ ဟူဂျ်ဆန်၊ ကာရီရက်စ်တို့ ပွဲထွက်ပါဝင်ကစားခဲ့ပြီး အသက်-၁၈ နှစ်အရွယ်ကွင်းလယ်ကစားသမားမာစတန်တူအိုနိုလည်း လူစားဝင်ကစားခဲ့ပါတယ်။ အိမ်ရှင်တွေအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို အမ်ဘာပေက ပင်နယ်တီမှတဆင့် သွင်းယူပေးခဲ့ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ကစားသမားသစ်တွေနဲ့ပတ်သက်ပြီး အလွန်ဆိုက “ ဘာနေဗျူးကွင်း (သို့) ဒီဂျာစီအင်္ကျီကြောင့် သူတို့တွေ ဖိအားခံစားနေရတယ်လို့ ကျွန်တော် မမြင်မိခဲ့ပါဘူး။ သူတို့လေးဦးလုံး အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်။ အံ့မခန်းစွမ်းဆောင်ရည်မဟုတ်ဘူးဆိုရင်တောင် ဘာအမှားမှမကျူးလွန်ဘဲ ပူပန်ကြောင့်ကြမှုအလျှဉ်းမရှိ၊ အသင်းနဲ့ ပူးပေါင်းနိုင်ခဲ့ပါတယ်။

ပွဲထွက်လူစာရင်းမှာပါဝင်သူတွေပဲဖြစ်ဖြစ်၊ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ မာစတန်တူအိုနိုပဲဖြစ်ဖြစ် အသင်းအတွက် စွမ်းအားတွေ သယ်ဆောင်လာပေးခဲ့တယ်။ အသင်းမှာရှိရင်းစွဲသူတွေနဲ့ ဒီကစားသမားသစ်တွေ ပေါင်းစပ်မှုက ကောင်းမွန်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင်တော့ ကျွန်တော့်အတွက် အပေါင်းလက္ခဏာဆောင်တဲ့အရာတွေ အများကြီး ယူဆောင်လာနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

အိုဆာဆူနာနဲ့ပွဲစဉ်အတွင်း ရီးရဲလ်မက်ဒရစ်ရဲ့အရန်ခုံတန်းမှာ ရိုဒရီဂို ရှိနေခဲ့ပါတယ်။ သတင်းမီဒီယာတွေရဲ့ဖော်ပြမှုအရ အသက်-၂၄ နှစ်အရွယ်ဘရာဇီးတောင်ပံကစားသမားဟာ မန်စီးတီးဆီ ပြောင်းရွှေ့သွားနိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အလွန်ဆိုကတော့ ရိုဒရီဂိုရဲ့ပွဲကစားချိန်နည်းပါးနေမှုအပေါ် ပရိသတ်တွေကိုယ်တိုင် စောလျင်စွာ ကောက်ချက်မချသင့်ဘူးလို့ ပြောပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြက “ ဒီနေ့မှာဆိုရင် တစ်ပွဲပဲ ကစားရပါသေးတယ်။ ကျွန်တော်တို့အတွက် ကစားသမားတွေ ချန်ထားရနိုင်ပါတယ်။ အခုဘောလုံးရာသီအတွက်ဆိုရင်တော့ ကျွန်တော်က ရိုဒရီဂိုအပေါ် အားကိုးအားထားပြုနေပါတယ်။ ဒါက တစ်ပွဲပဲ ရှိပါသေးတယ်။ အနာဂတ်နဲ့ပတ်သက်ပြီး အရမ်းကာရော ထင်မြင်သုံးသပ်လိုက်လို့ မရပါဘူး”လို့ ပြောပါတယ်။