The network connection is lost.

Banner Image

မန်စီးတီးနဲ့ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ရှုံးနိမ့်မှုမှအမြန်ဆုံးပြန်လည်ရုန်းထဖို့ တိုက်တွန်းခဲ့တဲ့ အလွန်ဆို

ရီးရဲလ်မက်ဒရစ်နည်းပြဇာဘီအလွန်ဆိုက မန်ချက်စတာစီးတီးနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် မနေ့ညပိုင်း၊ ဆယ်လ်တာဗီဂိုကို နာကျင်ဖွယ်အရေးနိမ့်ခဲ့မှုမှ အမြန်ဆုံးပြန်လည်ရုန်းထလာဖို့ သူ့ရဲ့အသင်းဆီ တိုက်တွန်းခဲ့ပါတယ်။ အခုဆယ်လ်တာဗီဂိုကို ရှုံးနိမ့်မှုနဲ့အတူ ရီးရဲလ်မက်ဒရစ်က ပြိုင်ပွဲစုံနောက်ဆုံးခုနစ်ပွဲမှာ နှစ်ပွဲသာ အနိုင်ရရှိပြီး လာလီဂါအမှတ်ပေးဇယားဦးဆောင်သူ ဘာစီလိုနာနဲ့ လေးမှတ်အထိ ကွာဟသွားခဲ့ပါတယ်။

ဆယ်လ်တာဗီဂိုနဲ့ပွဲစဉ်အတွင်း အလွန်ဆိုရဲ့အသင်းက ဖရန်ဂါစီယာနဲ့ ကာရီရက်စ်တို့ကို အနီကတ်ပြစ်ဒဏ်ဖြင့် လက်လွှတ်ခဲ့ရလို့ လက်ကျန်ကစားသမားကိုးဦးနဲ့အတူ ပွဲစဉ်ကို ပိတ်သိမ်းခဲ့ရပါတယ်။ ဘာနေဗျူးမှာ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အလွန်ဆိုက “ ကျွန်တော်တို့အားလုံး ဒေါသထွက်နေကြပါတယ်။ ဒါက ကျွန်တော်တို့လိုချင်တဲ့ ပွဲစဉ်မျိုးမဟုတ်သလို လိုချင်တဲ့ရလဒ်မျိုးလည်း မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။

ကျွန်တော်တို့တွေ ဒီလိုစာမျက်နှာမျိုးကို အမြန်ဆုံးပြောင်းပြန်လှန်ပစ်ဖို့ လိုအပ်ပါတယ်။ သုံးမှတ်တန်ပွဲစဉ်တစ်ခု ဖြစ်ပါတယ်။ ဒီလိုအခြေအနေအတွက် မန်စီးတီးနဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ တုံ့ပြန်နိုင်မယ့်အခွင့်အလမ်းတစ်ရပ် ရှိနေပြီး ခါးသီးလှတဲ့အတွေ့အကြုံကို ရှင်းထုတ်ပစ်ရပါမယ်”လို့ ပြောပါတယ်။

လတ်တလောသီတင်းပတ်တွေအတွင်း မက်ဒရစ်သားတွေ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီးနောက်  ကလပ်အသင်းမှာရှိနေတဲ့ အလွန်ဆိုရဲ့အနာဂတ်အပေါ် ထင်ကြေးပေးမှုများစွာ ပေါ်ပေါက်လာတယ်လို့ စပိန်မီဒီယာတွေရဲ့အဆိုအရ သိရပါတယ်။ မန်စီးတီးနဲ့ပွဲစဉ်ဟာ သူ့ရဲ့အနာဂတ်အတွက် အရေးပါနေသလားဆိုတဲ့ မေးခွန်းကို အလွန်ဆိုက အမှတ်တွေရရှိဖို့အတွက်ပဲ စဉ်းစားထားတယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

အလွန်ဆိုက “ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သုံးမှတ်ရရှိဖို့အတွက် ကျွန်တော်တို့ ယှဉ်ပြိုင်ကစားမယ်။ ဒီပြိုင်ပွဲမှာလည်း ကျွန်တော်တို့က ကောင်းမွန်တဲ့အနေအထားတစ်ခုဆီ ရောက်ရှိနေပြီး ဒီအတွက်ပဲ ကျွန်တော်တို့တွေ ယှဉ်ပြိုင်ကစားနေတာပါ။ ဒါပေမဲ့ ကျွန်တော်တို့က ပွဲကောင်းတစ်ခုကို အကောင်းဆုံးပုံစံနဲ့ ကစားသွားချင်ပါတယ်။ ဒီနေ့ထက် အများကြီးပိုကောင်းအောင် ကစားနိုင်တယ်ဆိုတာ ပြသချင်ပါတယ်။ ဒါကို ကျွန်တော်တို့သိပါတယ်”လို့ ပြောပါတယ်။