ပြင်သစ်နဲ့ ပွဲမှာ တိုးတက်မှုကို ပြသသွားမယ်လို့ ပြောကြားလာတဲ့ နယ်သာလန်နည်းပြ
နယ်သာလန်နည်းပြ ရော်နယ်ကိုးမန်းက လာမယ့် ပြင်သစ်နဲ့ပွဲစဉ်မှာ မိနစ် ၉၀ လုံးပွဲထဲမှာ အပြည့်အဝအာရုံစိုက်သွားမှာဖြစ်ကြောင်းနဲ့ အသင်းရဲ့တိုးတက်မှုကို သေချာပေါက်ပြသသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။
သို့သော်လည်း ယခုပွဲစဉ်မှာ ပြင်သစ်ဟာ ဩစတြီးယားကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ယူရိုအုပ်စုအဆင့် ပထမပွဲစဉ်မှာ နှာခေါင်းရိုးကျိုးခဲ့တဲ့ အသင်းခေါင်းဆောင် ကီလီယန်အမ်ဘာပေကို ထည့်သွင်းအသုံးပြုသွားနိုင်မှာ မဟုတ်ပါဘူး။ အမ်ဘာပေဟာ နယ်သာလန်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုခြေစ်ပွဲ ၂ ကျော့ပေါင်းမှာ ၄ ဂိုးအထိ သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ကြာသပတေးနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုးမန်းက “ပြင်သစ်က ဘောလုံးကိုင်မထားတဲ့အချိန်မှာတောင် အရမ်းသန်မာတဲ့အသင်းပါ။ သူတို့မှာ တောင့်တင်းတဲ့အရန်အင်အားလည်းရှိပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော့်အလုပ်မဟုတ်ပါဘူး။ ကျွန်တော်ကတော့ အသင်းရဲ့ကစားပုံကောင်းမွန်ဖို့နဲ့ ပြင်သစ်ကိုလွှမ်းနိုင်ဖို့ပဲ အပြည့်အဝအာရုံစိုက်ထားပါတယ်။ အားလုံးက အမ်ဘာပေပေါ်မူတည်နေတာမဟုတ်ပါဘူး။ ဒါပေမယ့် သူကပွဲကိုပြောင်းလဲပစ်နိုင်တဲ့ ကစားသမားဆိုတာတော့ ကျွန်တော်တို့သိပါတယ်။ နောက်ဆုံး ၂ ပွဲမှာ သူ့ရဲ့သက်ရောက်မှုက ကြီးမားခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အဆိုပါခြေစစ်ပွဲအဆင့်မှာ နယ်သာလန်ဟာ ပြင်သစ်ကို နှစ်ကျော့စလုံးရှုံးနိမ့်ခဲ့ပြီး အုပ်စုအတွင်းမှာလည်း ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ကိုးမန်းကတော့ သူ့ရဲ့အသင်းဟာ ခြေစွမ်းတိုးတက်လာမယ်ဆိုတာကို “မနက်ဖြန်ပွဲစဉ်မှာတော့ ကျွန်တော်တို့အနေနဲ့ တိုးတက်လာပြီဆိုတာကို သက်သေပြသွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီပွဲက အရင်ပွဲတွေလိုမဟုတ်ပါဘူး။ ကျွန်တော်တို့ အများကြီးပြင်ဆင်ထားပါတယ်။ နည်းဗျူဟာတွေနဲ့ နည်းစနစ်တွေကို ထိန်းညှိဖို့ အချိန်အများကြီးရထားပါတယ်။ မနက်ဖြန်ပြင်သစ်နဲ့ပွဲမှာ ပိုကောင်းတဲ့နယ်သာလန်ကို မြင်တွေ့မှာပါ”လို့ ပြောကြားခဲ့ပါတယ်။
နယ်သာလန်ဟာ ယူရိုအုပ်စုအဆင့်ရဲ့ ပထမဆုံးပွဲစဉ်ဖြစ်တဲ့ ပိုလန်နဲ့ပွဲမှာ တိုက်စစ်မှူး ဝက်ဂ်ဟော့စ်ရဲ့နောက်ကျဂိုးနဲ့အတူ ၂-၁ ဆိုတဲ့ အနိုင်ရလဒ်ကို ပုံဖော်ထားနိုင်တာကြောင့် ဒီနေ့ပွဲစဉ်မှာသာ ရလဒ်ကောင်းကို ဖော်ဆောင်နိုင်ခဲ့မယ်ဆိုရင်တော့ နောက်တစ်ဆင့်ကိုတက်ဖို့ အခွင့်အရေးများသွားမှာဖြစ်ပါတယ်။