ကိုလိုမူအာနီအစား ယူနိုက်တက်တိုက်စစ်မှူး ဇက်ခ်ဇီကို ခေါ်ယူဖို့ ဂျူဗင်တပ်စ် စဉ်းစားနေ
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဇက်ခ်ဇီကို ရန်ဒယ်ကိုလိုမူအာနီရဲ့ အစားထိုးကစားသမားအဖြစ် ခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်းက စဉ်းစားနေတယ်လို့ သိရပါတယ်။
အီတလီထိပ်သီးကလပ် ဂျူဗင်တပ်စ်ဟာ တိုက်စစ်မှူး ဒူဆန်ဗလာဟိုဗစ် ထွက်ခွာသွားခဲ့ပြီးနောက်နဲ့ လွိုက်စ်အိုပန်ဒါလည်း မကြာခင်မှာ ထွက်ခွာတော့မှာဖြစ်တဲ့အတွက် အနည်းဆုံး တိုက်စစ်မှူးအသစ်တစ်ယောက်ကို ရှာဖွေနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက တော့တင်ဟမ်အသင်းမှာ အငှားနဲ့သွားရောက်ကစားခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ကိုလိုမူအာနီဟာ ဂျူဗင်တပ်စ်ကို ပြန်လာဖို့ သတင်းတွေ အကြီးအကျယ်ထွက်နေခဲ့ပေမဲ့ ပြောင်းရွှေ့ကြေးကိစ္စ ညှိနှိုင်းမရတာကြောင့် အပြောင်းအရွှေ့က ရပ်တန့်နေတဲ့ပုံစံမျိုး ဖြစ်နေပါတယ်။
Sky Sport Italia ရဲ့ ဖော်ပြချက်အရ မန်ယူတိုက်စစ်မှူး အသက် ၂၅ နှစ်အရွယ် ဇက်ခ်ဇီဟာ ပြင်သစ်တိုက်စစ်မှူး ကိုလိုမူအာနီရဲ့ နေရာမှာ အစားထိုးနိုင်မယ့်သူတစ်ဦး ဖြစ်လာခဲ့ပါတယ်။
ဇက်ခ်ဇီဟာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ ဘိုလော့ဂ်နာအသင်းကနေ မန်ယူအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပေမဲ့ အင်္ဂလန်ဘောလုံးလောကနဲ့ အသားကျဖို့ ရုန်းကန်နေရသူလည်း ဖြစ်ပါတယ်။
ဒီတိုက်စစ်မှူးဟာ ပြိုင်ပွဲစုံ ၇၅ ပွဲမှာ ၉ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်မှာ နေရာပျောက်ဆုံးလာခဲ့သလို ပြီးခဲ့တဲ့ရာသီ လိဂ်ပွဲ ၂၄ ပွဲမှာ မိနစ် ၆၀၈ သာ ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းအနေနဲ့ ဒီနွေရာသီမှာ ဇက်ခ်ဇီရော၊ကိုလိုမူအာနီကိုပါ ခေါ်ယူနိုင်တဲ့ အလားအလာရှိပေမဲ့ ဒါဟာ အီတလီကလပ်အတွက် ငွေကြေးအမြောက်အမြား အကုန်အကျခံရမယ့် လုပ်ရပ်လည်း ဖြစ်ပါတယ်။
ဇက်ခ်ဇီဟာ လာမယ့်သီတင်းပတ်တွေအတွင်း မန်ယူအသင်းကနေ ရောင်းထုတ်သွားဖို့ မျှော်လင့်ရတဲ့ ကစားသမားအတော်များများထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။