ဒေါ့မွန်ကြယ်ပွင့် အဒီယာမီကို ယူရို ၂၂ သန်းနဲ့ ဘာစီလိုနာခေါ်ယူ
ကရင်မ်အဒီယာမီဟာ ဘိုရုရှားဒေါ့မွန်ကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ကတ်တလန်ကလပ်နဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ဒေါ့မွန်အသင်းအနေနဲ့ ပြောင်းရွှေ့ကြေးအဖြစ် ယူရို ၂၂ သန်း (ပေါင် ၁၈.၈ သန်း) ရရှိမှာဖြစ်ပြီး အပိုဆုကြေးတွေအပါအဝင် စုစုပေါင်း ယူရို ၃၁ သန်း (ပေါင် ၂၆.၄ သန်း) အထိ ရရှိနိုင်ပါတယ်။ ဒါ့အပြင် အဒီယာမီကို နောင်တစ်ချိန် ပြန်လည်ရောင်းချဖြစ်ရင်လည်း ဒေါ့မွန်အသင်းက အကျိုးအမြတ် ရရှိဦးမှာ ဖြစ်ပါတယ်။
သတင်းတွေရဲ့ ဖော်ပြချက်အရ အဒီယာမီရဲ့ လစာဟာ တစ်နှစ်ကို ယူရို ၆ သန်း (ပေါင် ၅ သန်း) ဖြစ်တယ်လို့ သိရပါတယ်။
"ကရင်မ်ဟာ ပြီးခဲ့တဲ့ ၄ နှစ်တာအတွင်း ဘိုရုရှားဒေါ့မွန်အသင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်" လို့ ဒေါ့မွန်အသင်းရဲ့ အားကစားဆိုင်ရာ အမှုဆောင်အရာရှိချုပ် လားစ်ရစ်ကန်က ပြောပါတယ်။
"ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ချင်တယ်လို့ ကရင်မ်က ကျွန်တော်တို့ကို လာပြောတဲ့အခါမှာတော့ ဒေါ့မွန်အသင်းရဲ့ အကျိုးစီးပွားအားလုံးကို ထည့်သွင်းစဉ်းစားပြီးမှ ကျွန်တော်တို့ သဘောတူခဲ့တာပါ" လို့ ၎င်းက ဆိုပါတယ်။