The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီခဲ့တဲ့ မိုဒရစ်

ရီးရဲလ်မက်ဒရစ်ရဲ့ ဝါရင့်ကွင်းလယ်လူ လူကာမိုဒရစ်က အသင်းမှာ ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ယခုအခါမှာတော့ ၂၀၂၅ ခုနှစ်အထိ ၁ နှစ်သက်တမ်းတိုး စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့တယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ အသက်-၃၈ နှစ်အရွယ်ကစားသမားဟာ ဇွန်လကုန်မှာ အန်ဆယ်လော့တီရဲ့အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

သို့သော်လည်း မိုဒရစ်ရဲ့ အနာဂတ်ဟာ ဆန်တီယာဂိုဘာနေဗျူးမှာ နောက်ထပ်တစ်နှစ် ကျန်ရှိနေသေးတာကြောင့် ဝါရင့်ကွင်းလယ်ကစားသမားကို အန်ဆယ်လော့တီရဲ့ အသင်းမှာ ထပ်မံမြင်တွေ့ရဦးမှာဖြစ်ပါတယ်။ အခုလို စာချုပ်သက်တမ်းတိုးမြှင့်ခဲ့ပေမယ့် စာချုပ်ပါ သဘောတူညီချက်တွေအရ မိုဒရစ်ဟာ လစာလျှော့ယူသွားရမှာဖြစ်ပြီး ဒုတိယဦးစားပေးကစားသမားအဖြစ်သာ ပါဝင်ခွင့်ရတော့မှာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ပရိသတ်တွေ အနေနဲ့ မိုဒရစ်ရဲ့ အသင်းမှာကျန်ရှိနိုင်ချေကို ကာလအတန်ကြာ ထင်ကြေးပေးခဲ့ကြပေမယ့် ကစားသမားရဲ့အသင်းဖော် တိုနီခရူးစ်က ယူရို ၂၀၂၄ ပြိုင်ပွဲ အပြီးမှာ ကစားသမားဘဝကနေ အနားယူတော့မယ်လို့ ကြေညာခဲ့တာကြောင့် မျှော်လင့်ချက်တွေ လျော့ပါးခဲ့ကြပါသေးတယ်။ ယခုအခါမှာတော့ မိုဒရစ်ကလည်း အသင်းမှာ ဆက်လက်ကျန်ရှိနေသလို ကာမာဗင်ဂါ၊ ချူအာမန်နီ၊ ဗယ်လ်ဗာဒီနဲ့ ဂျုဒ်ဘယ်လင်ဟမ်တို့ကို ပိုင်ဆိုင်ထားတာကြောင့် နည်းပြကြီး အန်ဆယ်လော့တီအနေနဲ့ နောက်ရာသီမှာလည်း ခိုင်မာတောင့်တင်းတဲ့ကွင်းလယ်ပိုင်းကို တည်ဆောက်သွားနိုင်ချေရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်အနေနဲ့ အခုလို ငယ်ရွယ်ပြီး ပါရမီရှိတဲ့ လူငယ်ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားတာကြောင့် မိုဒရစ်ကို ပွဲထုတ်နိုင်ဖို့ ရုန်းကန်နေရပြီး ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာလည်း ခရိုအေးရှား လက်ရွေးစင်ဟာ အများအားဖြင့် အရန်ခုံမှာသာ နေရာရခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဒေါ့မွန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာတော့ မိုဒရစ်ဟာ ပွဲကစားချိန် ၈၅ မိနစ်ရောက်မှ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပေမယ့် အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့အတူ ကစားသမားဘဝ ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

၂၀၁၂ မှာတော့တင်ဟမ်ကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ဘောလွန်းဒီအော်ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ မိုဒရစ်ဟာ စပိန်ချန်ပီယံအသင်းနဲ့အတူ လာလီဂါဖလား ၄ ကြိမ်၊ ကိုပါဒယ်ရေးဖလား ၂ ကြိမ်နဲ့ ကလပ်ကမ္ဘာ့ဖလား ၄ ကြိမ်ဆွတ်ခူးရရှိထားပါတယ်။