
PFA သမိုင်းတလျှောက် အကောင်းဆုံးမှတ်တမ်းသစ်တစ်ရပ်ကို ရေးထိုးနိုင်ခဲ့တဲ့ မိုဆာလက်
လီဗာပူးပရိသတ်တွေအတွက် သံသယဖြစ်ဖွယ်မရှိ ခင်မင်ရင်းစွဲရှိတဲ့နာမည်တစ်ခုဖြစ်မယ့် မိုဆာလက်က PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို သုံးကြိမ်တိုင်ဆွတ်ခူးနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခြင်းဖြင့် သမိုင်းမှတ်တမ်းသစ်တစ်ရပ်ကို နောက်တစ်ကြိမ်ရေးထိုးခဲ့ပါတယ်။
အီဂျစ်တိုက်စစ်မှူးက အတိတ်မှာလည်း သီယာရီအွန်နရီ၊ စီရော်နယ်ဒိုတို့လို ဒီဆုကို နှစ်ကြိမ်တိုင်ဆွတ်ခူးနိုင်ခဲ့ပြီး အခုတော့ တတိယအကြိမ်မြောက်ရရှိလာတဲ့ တစ်ဦးချင်းထူးချွန်ဆုနဲ့အတူ သမိုင်းစာမျက်နှာရဲ့ထိပ်ဆုံးနေရာမှာ တစ်ဦးတည်းရပ်တည်လာနိုင်ခဲ့ပါတယ်။
၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၊ လီဗာပူးရဲ့ ပရီးမီးယားလိဂ်ချန်ပီယံခရီးလမ်းအတွက် အဓိကအင်ဂျင်တစ်လုံးဖြစ်ခဲ့တဲ့ မိုဆာလက်က အင်္ဂလန်အဆင့်မြင့်ဆုံးလိဂ်ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ၂၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၈ ကြိမ် ပြုလုပ်ခဲ့ပါတယ်။
အင်္ဂလန်နည်းပြဟောင်း ဆာဂါရတ်ဆောက်ဂိတ်နဲ့ အမ်မာဟေးယက်စ်တို့ကလည်း ဘောလုံးပွဲစဉ်တွေမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပေးဆပ်ခဲ့မှုတွေအတွက် PFA ရဲ့ဂုဏ်ပြုဆုကို ရရှိခဲ့ပါတယ်။ ဆောက်ဂိတ်က အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဘဝမှာ သူ့အသင်းကို ဗိုလ်လုပွဲအဆင့်တွေဆီ ပို့ဆောင်ပေးနိုင်ခဲ့သလို အသင်းစွမ်းဆောင်ရည်ပိုင်းကိုလည်း သိသိသာသာတိုးမြှင့်ပေးခဲ့ပါတယ်။
အလားတူ လက်ရှိအမေရိကန်အမျိုးသမီးလက်ရွေးစင်အသင်းနည်းပြဟေးယက်စ်ကလည်း ချဲလ်ဆီးအမျိုးသမီးအသင်းနဲ့အတူ အောင်မြင်မှုများစွာရရှိခဲ့ခြင်းအတွက် အသိအမှတ်ပြုခံခဲ့ရပါတယ်။ အက်စတွန်ဗီလာရဲ့ပေါက်ကွဲနှုန်းမြင့်မားတဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ မော်ဂန်ရိုဂျာစ်ကတော့ သူ့ရဲ့လှုပ်ရှားမှုတွေအပေါ် အသိအမှတ်ပြုမှုအဖြစ် PFA တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို လက်ခံရရှိခဲ့ပါတယ်။
ဆက်လက်ပြီး မာရီယိုနာကယ်လ်ဒယ်တေးက PFA တစ်နှစ်တာအကောင်းဆုံးအမျိုးသမားကစားသမားဆုကို ရရှိခဲ့ပါတယ်။ ကယ်လ်ဒယ်တေးနဲ့အပြိုင် အာဆင်နယ်အသင်းမှာ တောက်ပလာတဲ့ အိုလီဗီယာစမစ်ကတော့ PFA တစ်နှစ်တာအကောင်းဆုံးအမျိုးသမားလူငယ်ကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။ PFA ရဲ့တစ်နှစ်တာအကောင်းဆုံးအသင်းရွေးချယ်မှုကိုတော့ လီဗာပူးကစားသမားတွေသာ လွှမ်းမိုးထားခဲ့ပါတယ်။ ဒီရွေးချယ်မှုမှာ လီဗာပူးကစားသမားဖြစ်တဲ့ မိုဆာလက်၊ ဗန်ဒိုက်၊ မက်အယ်လစ္စတာနဲ့ ဂရာဗန်ဘတ်ချ်တို့ ပါဝင်ခဲ့ပါတယ်။