
ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ဖို့ အန်ဆယ်လော့တီ ဘယ်လိုဆွဲဆောင်ခဲ့သလဲ ထုတ်ဖော်ပြောကြားလာတဲ့ အာဒါဂူလာ
ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် အာဒါဂူလာက သူ့ကို ဆန်တီယာဂိုဘာနေဗျူးသို့ခေါ်ယူဖို့အတွက် နည်းပြကြီး ကားလို့စ်အန်ဆယ်လော့တီတစ်ယောက် ဘယ်လိုစကားတွေနဲ့ ဆွဲဆောင်ခဲ့သလဲဆိုတာ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ဖီနာဘာချီမှာ ခြေစွမ်းတောက်လျှောက်တိုးတက်လာပြီး တူရကီမက်ဆီလို့ နာမည်ကျော်ခဲ့တဲ့ အာဒါဂူလာကို ဥရောပထိပ်သီးကလပ်တွေက ခေါ်ယူနိုင်ဖို့ အပြိုင်အဆိုင်ကြိုးပမ်းခဲ့ကြပေမယ့် နောက်ဆုံးမှာ ရီးရဲလ်မက်ဒရစ်က အမိအရခေါ်ယူနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်သို့စတင်ရောက်ရှိခဲ့တဲ့ ပွဲဦးထွက်ရာသီမှာ ဂူလာတစ်ယောက် ပုံမှန်နေရာရဖို့အတွက် ရုန်းကန်ခဲ့ရပေမယ့် ယခုရာသီမှာတော့ တဖြည်းဖြည်းနေရာရလာခဲ့ပြီး ၃၉ ပွဲကစားထားကာ ၅ ဂိုသွင်း၊ ဂိုးဖန်တီးမှု ၈ ကြိမ်အထိပြုလုပ်ပေးထားနိုင်ပါတယ်။
ယခုအခါမှာတော့ အပြောင်းအရွှေ့အတွက် အန်ဆယ်လော့တီနဲ့ ဗီဒီယိုကောပြောခဲ့တဲ့အကြောင်းကို ဂူလာက "ရီးရဲလ်မက်ဒရစ်က ကျွန်တော့်ရဲ့အိပ်မက်အသင်းပါ။ ဒီလောက်အထိ မြန်မြန်ဆန်ဆန်ဒီအသင်းကိုရောက်လာမယ်လို့ မထင်ခဲ့ပါဘူး။ အဲဒီတုန်းက ကျွန်တော်နဲ့ အဖေနဲ့က ဒီအသင်းကိုလာဖို့ အရမ်းစောသေးတယ်လို့ ယူဆခဲ့ကြပါသေးတယ်'
"ကမ်းလှမ်းလာတဲ့အသင်းတွေကလည်း အများကြီးရှိနေတော့ ကျွန်တော်တို့အတွက် ရွေးချယ်ရခက်နေတဲ့ အချိန်ပါ။ အဲဒီအချိန်မှာပဲ ကျွန်တော့်ကို ကာလိုအန်ဆယ်လော့တီက ဗီဒီယိုကော ခေါ်လာခဲ့ပါတယ်။ အဲဒီအချိန်ကိုကျွန်တော် ဘယ်တော့မှမမေ့ပါဘူး။ သူက ကျွန်တော့်ကို အာဒါ နေကောင်းလားလို့မေးပါတယ်။ အဲဒီတုန်းက သူကလည်း အားလပ်ရက်အပျော်ခရီးထွက်နေတာပါ။ ဟာဝိုင်အီအင်္ကျီကိုဝတ်ထားပြီး နေကာမျက်မှန်တပ်ထားပါတယ်။ ပါးစပ်ထဲမှာလည်း ဆေးပြင်းလိပ်ကို ခဲထားပါတယ်"
"သူက ရီးရဲလ်မက်ဒရစ်မှာ ကျွန်တော့်အတွက် ကြီးမားတဲ့အနာဂတ်ရှိနေတယ်လို့ပြောပါတယ်။ ပွဲဦးထွက်ရာသီမှာတော့ ရုန်းကန်ရနိုင်ပေမယ့် နောက်ပိုင်းမှာ အခွင့်အရေးတွေရလာမယ်လို့ပြောပါတယ်။ မိုဒရစ်နဲ့ ခရူးစ်တို့က အသက်ကြီးပြီဆိုတော့ သူတို့နေရာမှာ ကျွန်တော်ကစားလို့ရနိုင်တယ်တဲ့။ မိုဒရစ်နဲ့ ခရူးစ်တို့ရဲ့နာမည်ကို ကြားလိုက်ကတည်းက ကျွန်တော့်အတွက် အတော်လေးအိပ်မက်ဆန်နေပါပြီ။ ကျွန်တော်ဘာမှတောင်ပြန်မပြောနိုင်ခဲ့ပါဘူး။ ပြီးတော့ သူက မက်ဒရစ်ကိုလာမယ်လို့ ကတိပေးစမ်းပါလို့ပြောလို့ ကျွန်တော်လွယ်လွယ်ကူကူပဲ ကတိပေးလိုက်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က ဆယ်လ်တာဗီဂိုကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အာဒါဂူလာဟာ ရီးရဲလ်မက်ဒရစ်အတွက် ပွဲထွက်ပါဝင်ခဲ့ပြီး ဂိုးလည်းသွင်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် တူရကီလက်ရွေးစင်ဟာ အသင်းဖော် ခီလီယန်အမ်ဘာပေအတွက်လည်း ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါသေးတယ်။
လာမယ့် တနင်္ဂနွေနေ့မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ အယ်လ်ကလက်စီကိုပြိုင်ဘက် ဘာစီလိုနာနဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ လာလီဂါဖလားအိပ်မက် အဆုံးမသတ်စေဖို့ ယခုပွဲစဉ်မှာ မရှုံးအောင်ကစားသွားရပါမယ်။