
ဂျမေကာလက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုခွင့်ရဖို့ နီးစပ်လာတဲ့ ဂရင်းဝုဒ်
မာဆေးလ်တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ဟာ ဂျမေကာနိုင်ငံသားခံယူခွင့်ရခဲ့သလို၊ ပက်စ်ပို့အသစ်လည်း ပြုလုပ်နိုင်ခဲ့တာကြောင့် ယခုအခါမှာ ဂျမေကာလက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုပါဝင်ကစားပေးနိုင်ဖို့ နီးစပ်နေပြီလို့သိရပါတယ်။ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းဟာ ယခင်က အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုပါဝင်ကစားခွင့်ရခဲ့ပေမယ့် ၂၀၂၃ ခုနှစ်မှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ တရားစွဲခံရပြီးနောက် လက်ရွေးစင်အသင်းမှထုတ်ပယ်ခံခဲ့ရသလို အိုးလ်ထရက်ဖို့ဒ်မှလည်း ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ယခုအခါမှာတော့ အင်္ဂလန်ကြယ်ပွင့်ဟောင်းဟာ သူ့ရဲ့လက်ရွေးစင်ကစားသမားဘဝကို ပြန်လည်စတင်ဖို့ အခွင့်အရေးရလာခဲ့ပြီဖြစ်ပါတယ်။
ဂရင်းဝုဒ်အနေနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁ ပွဲသာပါဝင်ခွင့်ရခဲ့တာဖြစ်ပေမယ့် ဂျမေကာနိုင်ငံသားခံယူပြီးနောက်မှာ ပက်စ်ပို့ပါ ပြုလုပ်နိုင်ခဲ့တာကြောင့် ဂျမေကာလက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရဖို့ အလားအလာများနေပါတယ်။ နည်းပြစတိဗ်မက်ကလာရင်ဦးဆောင်နေတဲ့ ဂျမေကာလက်ရွေးစင်အသင်းအနေနဲ့ မာဆေးလ်မှာခြေစွမ်းပြနေတဲ့ ဂရင်းဝုဒ်ကို မျက်စိကျနေတယ်လို့သိရပြီး အသင်းအတွက်အင်အားဖြည့်တင်းမှုတစ်ခုအဖြစ် ရှုမြင်ထားတာဖြစ်ပါတယ်။ အသက်-၂၃ နှစ်အရွယ်ကစားသမားဟာ မာဆေးလ်သို့ရောက်ရှိလာပြီးနောက်မှာ တောက်လျှောက်ခြေစွမ်းပြသထားနိုင်တာကြောင့် ဥရောပအသင်းကြီးတွေအပါအဝင် ဆော်ဒီကလပ်အယ်လ်နာဆာကလည်း ယခုနွေရာသီအတွင်းခေါ်ယူနိုင်ဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။
ယူနိုက်တက်အကယ်ဒမီကစားသမားဟောင်းအနေနဲ့ ဂျမေကာဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းသွားရဦးမှာဖြစ်ပြီး ရွေးချယ်ခံခဲ့ရမယ်ဆိုရင်တော့ လာမယ့်စက်တင်ဘာလ ဘာမြူဒါ၊ ထရီနီဒတ် တို့နဲ့ယှဉ်ပြိုင်သွားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ ဂျမေကာလက်ရွေးစင်အသင်းအတွက် စတင်ပါဝင်ကစားသွားရနိုင်ပါတယ်။